Home
မြန်မာသတင်း
ပုလဲမြို့နယ် ပုံတောင်ပုံညာတောင်ပေါ်ကျေးရွာများရှိ ပြည်သူများကို ကူညီထောက်ပံ့
DVB
·
September 2, 2023
369950970_312382994623578_2762621471806184135_n

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုံတောင် ပုံညာ တောင်ပေါ်ကျေးရွာတွေရှိ ဒေသခံ ပြည်သူတွေကို ချင်းတွင်းကျန်းမာရေးကွန်ရက် Chindwin Medical Network အဖွဲ့က ဩဂုတ် ၂၇ ရက်မှာ အကူအညီတွေပေးခဲ့တယ်လို့ ပုလဲပအဖ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

လမ်းပန်းဆက်သွယ်‌ရေးနဲ့ သွားရေးလာရေး အခက်အခဲတွေရှိနေတဲ့ ပြည်သူတွေကို ငွေကြေး အကူအညီပေးခဲ့တာ ဖြစ်တယ်လို့ ဒေသခံ ရပ်‌ကျေးပအဖ တာဝန်ရှိသူက ပြောပါတယ်။

“ထောက်ပံ့မှုကတော့ အိမ်ထောင်စု ၁၈၅ စုကို တအိမ်ထောင်ကို ကျပ်  ၆၀,၀၀၀ နှုန်းနဲ့ ကူညီပေးသွားတာဗျ။ အခုလို ကူညီပေးသွားတဲ့ Chindwin Medical Network အဖွဲ့၊ မြို့နယ်က ပအဖအဖွဲ့နဲ့ ကျန်းမာရေးတာဝန်ခံ၊ လူသားစာနာအဖွဲ့တွေကို ဒေသခံတွေရဲ့ကိုယ်စား ကျေးဇူးအထူးတင်ပါတယ်။ ကျနော်တို့ဒေသမှာက တောင်ပေါ်ဒေသဆိုတော့ မိုးရွာရင် ဘယ်မှ ထွက်လို့မရဘူး။ နောက်ပြီး စစ်ကောင်စီဘက်က ကန်းဒေါင့်ဂိတ်တို့ ပုလဲမြို့ထွက်ဂိတ်တို့ကနေ စစ်ဆေးတာတွေ အမြဲလုပ်တယ်။ သူတို့ မထင်ရင် ရိုက်နှက်တာတွေပါ လုပ်တာဆိုတော့ ဒေသခံတွေက ဘယ်မှမသွားရဲကြဘူး။ အခုလို ထောက်ပံ့တာကို ရွာအထိ လာလုပ်‌ပေးတော့ ကျေးဇူးအရမ်းတင်မိတယ်။”

ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်‌ကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပုလဲ-ဂန့်ဂေါလမ်း မိုင်တိုင် ၅၁ မှာ မြေပြိုကျကာ ကားလမ်းပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံတွေ အပါအဝင် ခရီးသွားကားတွေ လမ်းပိတ်ဆို့နေလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လမ်းပြင်ပေးခဲ့တယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024