ရုရှားနိုင်ငံရဲ့ Luna-25 အာကာယာဉ် ပြီးခဲ့တဲ့လက ပျက်ကျခဲ့ပြီးနောက် လမျက်နာပြင်ပေါ်မှာ ၁၀ မီတာ အကျယ်ရှိတဲ့ ချိုင့်ဝှမ်းတစ်ခု ကျန်ရစ်ခဲ့တယ်လို့ သြဂုတ် ၃၁ ရက်မှာ နာဆာအဖွဲ့ရဲ့ ဓာတ်ပုံထုတ်ပြန်ချက်အရ သိရပါတယ်။
ရုရှားအာကာသမစ်ရှင်အတွင်း လကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းကို ဘေးကင်းစွာ ဆင်းသက်နိုင်ဖို့ ပြင်ဆင်နေချိန်မှာ ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့တာပါ။
၄၇ နှစ်တာအတွင်း ရုရှားရဲ့ ပထမဆုံးသော လကမ္ဘာသွားမစ်ရှင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့မှာ မအောင်မြင်ဘဲ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
ရုရှားဟာ တချိန်က အာကာသဆိုင်ရာ အစီအစဉ်တွေမှာ ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း ဆိုဗီယက်ခေတ်လွန် ကာလမှာတော့ အကျဘက်ကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်အာကာသအေဂျင်စီ နာဆာအဖွဲ့ရဲ့ လကင်းထောက် ပတ်လမ်းဆိုင်ရာ (LRO) အာကာသယာဉ်က လမျက်နာပြင်မှာ အသစ်ပေါ်ပေါက်လာတဲ့ ချိုင့်ခွက်တစ်ခုကို ဓာတ်ပုံရိုက်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာဟာ ရုရှားနိုင်ငံရဲ့ Luna-25 အာကာသမစ်ရှင် ပျက်ကျရာဖြစ်နိုင်တယ် ဆိုပြီး နာဆာအနေနဲ့ ကောက်ချက်ချခဲ့တာပါ။
Source/Photo-Reuters