Home
နိုင်ငံတကာ
တောင်အာဖရိကမြို့တော်တွင် မီးလောင်မှုကြောင့် သေဆုံးသူ ၇၀ ကျော်ထိ မြင့်တက်
DVB
·
September 1, 2023
South Africa building fire_Reuters_01092023

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တော်ရဲ့ စီးပွားရေးအချက်အချာကျတဲ့ အဆောက်အဦတခုမှာ ဩဂုတ် ၃၁ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ လူ ၇၃ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း အရေးပေါ်ဌာနတွေအရ သိရပါတယ်။

တောင်အာဖရိကသမ္မတ စီရေးလ်ရာမာဖိုဆာက လူ ၇၀ ကျော် သေဆုံးရတဲ့ ကြေကွဲစရာ အဖြစ်ဆိုးလို့ ခေါ်ဆိုလိုက်ပြီး အစိုးရကလည်း ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ပြောပါတယ်။

ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက် ၁ နာရီခွဲလောက်က ၅ ထပ် အဆောက်အဦ မီးလောင်နေကြောင်း သတင်းပေး အကြောင်းကြားချက်ကို ရရှိခဲ့တယ်လို့ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တော်ရဲ့ အရေးပေါ် စီမံခန့်ခွဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ ရောဘတ် မူလောက်ဒ်ဇီက ပြောပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်း အတိအကျကို စုံစမ်းနေဆဲဖြစ်ပြီး ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တော် သဘာဝဘေး စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတွေဟာ မီးဘေးထိခိုက်ခံစားရတဲ့ မိသားစုတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

မီးလောင်သွားတဲ့ အဆောက်အအုံကို ကျူးကျော်နေထိုင်သူတွေက သိမ်းပိုက်ထားကြောင်း ဂျိုဟန်နက်စ်ဘာ့ဂ် တာဝန်ရှိသူတွေက အရင်ကတည်းက ပြောထားပါတယ်။ ဒါပေမဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ မီးလောင်သွားတဲ့ တိုက်ခန်းလိုမျိုး တခြားအဆောက်အဦတွေကိုလည်း ငှားရမ်းခတွေ ကောက်ခံပြီး ထိခိုက်လွယ်တဲ့သူတွေနဲ့ မိသားစုတွေအပေါ် အမြတ်ထုတ်နေတယ်လို့ သမ္မတ ရာမာဖိုဆာက ပြောပါတယ်။

ဒီကိစ္စအပေါ် လိုအပ်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေ ဆက်လုပ်နေပြီး ဝန်ကြီးချုပ်နဲ့ မြို့တော်က အချိန်တန်ရင် ကြေညာပေးမယ်လို့လည်း ဆိုပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ရာမာဖိုဆာက ပြောကြားခဲ့ပါတယ်။

ဂျိုဟန်နက်စ်ဘာ့ဂ်မှာ အထူးသဖြင့် ဆင်းရဲတဲ့ရပ်ကွက်တွေမှာ အိမ်တွင်းမီးလောင်ကျွမ်းမှု အဖြစ်များပါတယ်။

အဆင်းရဲဆုံးမြို့နယ်တခုဖြစ်တဲ့ အလက်ခ်ဇန်ဒရာမှာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း နေအိမ် ရာနဲ့ချီ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024