ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ မြောက် ကုန်သွယ်ရာလမ်းမပေါ်မှာရှိတဲ့ နမ့်ဖတ်ကာ အနီးက ဇီးဒဘန်ရွာမှာ စက်တင်ဘာ ၁ ရက် ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက်က စစ်ကောင်စီလက်နက်ကြီးကျပြီး ပြည်သူ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “ရွာမှာ လာကျတာ။ လေးယောက်ထိတာမှာ တယောက် ပွဲချင်းပြီး သေသွားတယ်။ အဲဒီ ဒဏ်ရာ စိုးရိမ်ရတဲ့ တယောက်လည်း ဆုံးသွားပြီ” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး အဲဒီထဲက အမျိုးသား တယောက်က ဒဏ်ရာ အရမ်းစိုးရိမ်ရလို့ ကွတ်ခိုင်ဆေးရုံ သွားပို့ချိန်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ကလေး ၃ ဦးရဲ့ဖခင် ဦးအင်းပွက်ပေါင်ဝ်လာက ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာ ပြင်းထန်ရသွားတဲ့ ဦးဇင်ထုန်းဇော်ဒွဲက ကွတ်ခိုင်ဆေးရုံကိုသွားပို့ချိန် သေဆုံးသွားပါတယ်။ ဒေါ်ခါးနန်နဲ့ ဦးအင်းပွက်ပေါင်ဝ်လာရဲ့ အမျိုးသမီး ဒေါ်ဝါ့ဂျေခေါန်နန်တို့ကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
ဩဂုတ် ၃၀ ရက်ကလည်း နမ့်ဖတ်ကာရွာထဲ လက်နက်ကြီးကျလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ကလည်း အဲဒီ ဇီးဒဘန်ရွာမှာ ခလရ-၁၂၃ တပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျကွဲလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။