ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့တော် ကရာချိမှာ ရာနဲ့ချီတဲ့ အမျိုးသမီးတွေဟာ လျှပ်စစ်ဓာတ်အားခတွေ မြင့်တက်နေတာကို ကန့်ကွက်တဲ့အနေနဲ့ သြဂုတ် ၃၁ ရက်က လမ်းတွေပေါ်ထွက်ခဲ့ကြပြီး မီတာခ တောင်းခံလွှာတွေကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို ဂျာမတ်အီအစ္စလာမီပါတီက စီစဉ်တာဖြစ်ပြီး နဖူးစည်းစာတန်းတွေ ကိုင်မြှောက်ထားကြတဲ့ အမျိုးသမီး ၁,၀၀၀ လောက်က မြို့ရဲ့ အဓိကလမ်းမတွေပေါ်မှာ စုဝေးခဲ့ကြပြီး လျှပ်စစ်မီတာခ စာရွက်တွေကိုလည်း မီးရှို့ခဲ့ကြတာပါ။
ဆန္ဒပြသူ ဒူရ်ဒါနာ ဆစ်ဒီကီက “ပြည်သူတွေဟာ လျှပ်စစ်မီးအခမဲ့နဲ့ ဓာတ်ဆီအခမဲ့ ရရှိနေကြတဲ့ အထက်တန်းစား ရေပေါ်ဆီတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေကြရတာဖြစ်ပြီး ဒီလျှပ်စစ်ဓာတ်အားခတွေမှာ တရားမဝင်အခွန်တွေ ပါဝင်နေကြောင်း၊ ကုန်ကျစရိတ်တွေဟာ တကယ်သုံးစွဲတဲ့ လျှပ်စစ်ဓာတ်အားခထက် အဆများစွာ ပိုများနေတယ်” လို့ ပြောပါတယ်။
မီတာခဘေလ်တွေကို လျှော့ချသင့်ကြောင်း၊ တရားမဝင် အခွန်တွေကို လက်လွှတ်လိုက်ပြီးတော့ အထက်တန်းလွှာတွေကို လျှပ်စစ်နဲ့ ဓာတ်ဆီ အခမဲ့ပေးတာတွေကို ချက်ချင်းရပ်ဆိုင်းပြီး ပြည်သူတွေကို သက်သာခွင့်ပေးသင့်ကြောင်းလည်း ဆိုပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ကာလရှည်ကြာ ရပ်တန့်နေတဲ့ ငွေကြေးအကူအညီ ပက်ကေ့ခ်ျကို ပြန်လည်ရှင်သန်ဖို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ရဲ့ အဓိက လိုအပ်ချက်တခုအဖြစ် လျှပ်စစ်မီတာဈေးနှုန်းတွေနဲ့ အခွန်အခတွေကို မကြာသေးခင်ကပဲ တိုးလာခဲ့အပြီး ဇူလိုင်လမှာ ဓာတ်အားခ ကောက်ခံစာတွေကို လက်ခံရရှိပြီးနောက်မှာ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ကြိုးကြားကြိုးကြား ဖြစ်ခဲ့ပါတယ်။
Source/Photo-Reuters