တရုတ်အပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့မှာ တွေ့ရတဲ့ ရှားပါးမျိုးစိတ် ပုတက်လည်နီ မြွေမျိုးစိတ်တမျိုး မြန်မာနိုင်ငံမှာရှိတာကို သက်သေပြနိုင်ခဲ့ပြီး သိပ္ပံစာတမ်းမှာ ထည့်သွင်းနိုင်ခဲ့တယ်လို့ သဘာဝတောရိုင်းတိရစ္ဆာန် လေ့လာသူ ပညာရှင်တွေထံက သိရပါတယ်။
အဆိုပါရှားပါးမျိုးစိတ်ကို Native Species Conservation and Identification In Myanmar ရဲ့ ပဲ့ကိုင်ရှင်တွေထဲက တယောက်ဖြစ်တဲ့ ဆရာသက်ဇော်နိုင်က မြန်မာနိုင်ငံ အထက်ပိုင်း တောင်ပေါ်ဒေသမှာ မှတ်တမ်းရရှိခဲ့ကာ NSCI Team က အကျိုးရှိရှိ အသုံးချဖို့ မှတ်တမ်းတင်ခဲ့တဲ့သူရဲ့ ခွင့်ပြုချက်နဲ့ သိပ္ပံစာတမ်းမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
NSCI ရဲ့ တည်ထောင်သူက “မြန်မာမှာ အဲဒီမျိုးစိတ်ရှိတာ ကြာလှပါပြီ၊ ဟိုးအရင်စာတမ်းတွေမှာပဲ မှတ်တမ်းတွေ ရှိထားခဲ့ပြီး အခုနောက်ပိုင်းထွက်တဲ့ စာတမ်းတွေမှာ အခုလို မှတ်တမ်းဓာတ်ပုံအခိုင်အမာနဲ့ တိတိကျကျ မှတ်တမ်းတင်ဖော်ပြတာမျိုး မရှိသေးတာပါ၊ ရှားပါးမျိုးစိတ်လေးတွေက တွေ့ရခဲပြီး အခုလို စာတမ်းတွေမှာ ဖော်ပြထားမှသာ နိုင်ငံတကာပညာရှင်တွေက တရားဝင် လေ့လာနိုင်တာပါ၊ မှတ်တမ်းတွေ အများကြီးရထားပေမယ့် စာတမ်းမှာမထည့်နိုင်သေးတဲ့ မြန်မာ့ဇီဝမျိုးစိတ်တွေ အများကြီးရှိပါသေးတယ်၊ ဒါကြောင့် ဒီမျိုးစိတ်ရှိကြောင်းကို အရင်ကတည်းက သိထားပေမဲ့ အခုမှ မှတ်တမ်းဓာတ်ပုံလေးနဲ့ သိပ္ပံစာတမ်းထဲမှာ မှတ်တမ်းတင်ဖြစ်သွားတဲ့ သဘောပါ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လည်ပင်းနီမြွေမျိုးစိတ် အများအပြားကို မြန်မာနိုင်ငံအလယ်ပိုင်းမှာ တွေ့ရကာ သူ့ရဲ့ပုံစံမှာ ခန္ဓာကိုယ်အစိမ်းရောင်ရှိပြီး လည်ပင်းနီနေတာက လည်ပင်းနီမြွေမျိုးစိတ်မှန်း သိသာပါတယ်။
အဲဒီမျိုးစိတ်ထဲက တခြားမျိုးစိတ်တချို့ကို မြန်မာနိုင်ငံမှာ အတွေ့များပေမဲ့ အခုမှတ်တမ်းဝင်တဲ့ ရှားပါးမျိုးစိတ် လည်ပင်းနီမြွေမျိုးစိတ်က မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ မရှိဘဲ မြန်မာနိုင်ငံမြောက်ပိုင်း တောင်ပေါ်ဒေသ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့ရဲ့ တောင်ကုန်း တောင်တန်း အအေးပိုင်းဒေသတွေမှာပဲ နေထိုင်ပါတယ်။
မှတ်တမ်းတင်နိုင်ခဲ့သူ ဆရာသက်ဇော်နိုင်က ဒီမျိုးစိတ်ကို၂၀၀၉ ခုနှစ် မတ်လမှာ နောင်မွန်းအထက်က ပန်းနန်းဒင်မြို့နား ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်းမှာ မှတ်တမ်းရိုက်ယူနိုင်ခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
တောင်ပေါ်ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ အဲဒီမျိုးစိတ် မှတ်တမ်းတွေက နည်းပါးပြီး စာတမ်းတွေမှာ မှတ်တမ်းတင်နိုင်ခြင်း မရှိခဲ့ပါဘူး။
အခုအခါ အဲဒီမျိုးစိတ် မြန်မာနိုင်ငံမှာရှိတယ်ဆိုတာ နိုင်ငံတကာကို အသိပေးလိုက်တဲ့ သဘောပါလို့ NSCI တည်ထောင်သူက ဆက်ပြောပါတယ်။
နောက်ပိုင်းမှာလည်း မြန်မာပြည်က မြန်မာလူမျိုးလေ့လာသူတွေကို NSCI Groupမှာ ရရှိခဲ့တဲ့ အဖိုးတန်မှတ်တမ်းတွေ မျှဝေပေးသွားဦးမှာပါ လို့ NSCI ရဲ့တည်ထောင်သူက ပြောပါတယ်။
ဗီယက်နမ်ဘက်က မြွေလေ့လာနေတဲ့ သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရှားပါးမျိုးစိတ် မြန်မာနိုင်ငံမှာ ရှိနေတာကို စာတမ်းအနေနဲ့ သက်သေပြနိုင်ခဲ့ပြီး ရှားပါးမျိုးစိတ် ပုတက်လည်နီမြွေမျိုးစိတ်ကို Rhabdophis leonardi (Wall,1923) လို့လည်း ခေါ်ပါတယ်။
photo-NSCI