တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်မှာ မြိတ်-ရန်ကုန်သွားတဲ့ အန်တီဝင်းခရီးသည်ယာဉ်လိုင်းက မှန်လုံးကားတစီး သြဂုတ် ၃၁ ရက် မနေ့ မနက် ၁၁ နာရီ လောက်မှာ ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါမှန်လုံကားဟာ အပူချိန်များပြီး ဆိုလာပြား ဝိုင်ယာတွေကနေတဆင့် ပေါက်ကွဲမီးလောင်ခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
“ကားထဲမှာက ခရီးသည် သုံးဦးနဲ့ ကားမောင်းသူအပါအဝင် စပယ်ယာ သုံးဦးပါတယ်။ လူတွေတော့ ထိခိုက်မှုမရှိဘူး။ ပစ္စည်းတွေတော့ သယ်ချိန်မရလိုက်လို့ မီးလောင်ကုန်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ခရီးသည်တင်ကားမီးလောင်တာနဲ့ ပတ်သက်ပြီး အန်တီဝင်းခရီးသည်ယာဉ်လိုင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာမှ ပြန်လည်ဖြေကြားတာမရှိပါဘူး။
မီးလောင်ခဲ့တဲ့ ခရီးသည်တင်ကားကို ရွာသားတွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ တွေက ပူးပေါင်းပြီး မီးငြှိမ်းသတ်ပေးခဲ့ပါတယ်။