ထိုင်းနိုင်ငံ၊ ဘန်ကောက်အပါအဝင် အွန်လိုင်းလိမ်လည်မှုပြုလုပ်နေသူတွေနေထိုင်ရာ နေရာ ၃၀ ကျော်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့စုံက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ဘတ်ငွေ ၁ ဘီလီယံဖိုးနဲ့ ညီမျှတဲ့ ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး တရုတ်နဲ့ မြန်မာနိုင်ငံသားတချို့လည်း ပါဝင်ပတ်သက် နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။
ဩဂုတ် ၃၀ ရက်မနက် ၆ နာရီလောက်က ထိုင်းစုံစမ်းစစ်ဆေးရေးဗဟို၊ ငွေကြေးခဝါချမှုဆိုင်ရာတိုက်ဖျက်ရေးအဖွဲ့နဲ့ ရှေ့နေ အယောက် ၂၀၀ ကျော်ပါဝင်တဲ့အဖွဲ့တွေက ဘန်ကောက်၊ စမွတ်ပရာကန်၊ ဥထုံဌာနီ ဒေသတွေက နေရာ ၃၀ ကျော်ကို ဝင်ဖမ်းခဲ့တာပါ။
ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ နည်းပညာမှုခင်းနှိမ်နင်းရေးဌာနကရဲမှူးကြီး ပေါင်စီဝိုင်ပိုင်က “လိမ်လည်သူတွေဟာ နိုင်ငံခြားသားတွေကိုအဓိက ပစ်မှတ်ထားပါတယ်၊ အွန်လိုင်း လိမ်အသုံးပြုလိမ်လည်ခံရသူတွေရဲ့ တိုင်ကြားချက်ကြောင့် ဘဏ်အကောင့်တွေရဲ့ ငွေလွှဲ၊ ငွေသွင်းလိပ်စာတွေကို လိုက်လံစစ်ဆေးပြီးဝင်ဖမ်းရတာပါ”လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ အထဲမှာ အိမ်တလုံးကို ဘတ်ငွေသန်း ၅၀ ထက်မနည်း တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ် ၁၆ လုံး လောက်ပါဝင်ခဲ့ပြီး ဇိမ်ခံကားတွေ၊ ငွေသားတွေနဲ့ လျှပ်စစ်အသုံးပြု ဇိမ်ခံပစ္စည်းတွေလည်း ပါဝင်ခဲ့ကာ အိမ်တွေကိုစစ်ဆေးရာမှာတော့ ငွေကြေးခဝါချကာ လွှဲပြောင်းမှုတွေ ပြုလုပ်နေတဲ့အထဲ တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ဉပဒေရုံးတွေလည်း ပါဝင်နေတယ်လို့ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိမှုမရှိသေးတဲ့ သံသယတရားခံ ၁၄ ဦးထဲမှာ ထိုင်းနာမည်ကြီး မော်ဒယ်မင်းသမီး ၁ ဦးအပါအဝင်၊ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နေကာ ဖမ်းဝရမ်းထုတ်ထားကာ အမြန်ဆုံးဖမ်းဆီး နိုင်အောင်ကြိုးစားမယ်လို့ ထိုင်းရဲမှူးကြီး ပေါင်စီဝိုင်ပိုင်က ပြောဆိုပါတယ်။
Source-Bangkok post