မန္တလေး၊ ပြင်ဦးလွင်မြို့နယ်၊ အမှတ် ၅ နယ်မြေ၊ ပွဲကောက်ရေတံခွန်သွား အဆင်းလမ်းမ၊ သုံးဘီးဂိတ်အနီးမှာ သြဂုတ် ၃၁ ရက်၊ နေ့လယ်ပိုင်းက လူ ၆ ဦး ပဒူအတုပ်ခံရပြီး ထိခိုက်ဒဏ်ရာတွေ အပြင်းအထန် ရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
ပဒူအတုပ်ခံရလို့ ဒဏ်ရာရရှိသူတွေဟာ ဆောက်လုပ်ရေးအဖွဲ့တခုရဲ့ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၁ ဦးပါ ဝန်ထမ်းတွေလို့ သိရပြီး နေ့လယ် ၁၂ နာရီခန့်က လမ်းလျှောက်လာချိန် အတုပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သန္တိသုခအသင်းဝင်တဦးက “နေ့လယ် ၁၂ နာရီလောက် ဖြစ်တာပါ။ ရေတံခွန်အဆင်းလမ်း၊ သုံးဘီးဂိတ်အနီးက လမ်းမှာ၊ ခေါင်းကို အတုပ်ခံရလို့ ဒဏ်ရာပိုရတာက အမျိုးသား ၂ ဦးပါ။ အတုပ်ခံရတာက အားလုံး ၆ ယောက်” လို့ ပြောပါတယ်။
ပဒူတုပ်ခံရသူ အသက် ၃၀ ကျော် အမျိုးသား ၄ ဦး၊ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့အနက် အသက် ၃၀ ကျော် အမျိုးသား ၂ ဦးရဲ့ ဦးခေါင်းနဲ့ လည်ပင်းတွေမှာ အတုပ်ခံရတဲ့ အရေအတွက် များတာကြောင့် ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ပဒူကောင် Hornet တွေဟာ ပျားနဲ့ဆင်တူပေမဲ့ ပျားထက် ပိုအဆိပ်ပြင်းထန်တယ်လို့ သိရပြီး အတုပ်ခံရတဲ့ အချက်အရေအတွက် များပါက အသက်သေဆုံးတဲ့အထိ ဖြစ်တတ်တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေကို သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းရဲ့ အရေးပေါ်လူနာတင်ယာဉ်နဲ့ ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး ဇွန် ၁၂ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အသက် ၆၀ အရွယ် အမျိုးသားတဦး ပဒူအတုပ်ခံရပြီး သေဆုံးခဲ့ပါတယ်။