ချင်းပြည်နယ် ထန်တလန်မြို့မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဩဂုတ်လ ၂၇ နဲ့ ဩဂုတ်လ ၂၈ ရက်တို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ယခုအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ချင်းအမျိုးသားတပ်မတော် CNA ထံမှ သိရပါတယ်။
ထန်တလန်မြို့တွင်း စစ်ကောင်တပ်ကုန်း၊ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားသောအနီးဝန်းကျင် စခန်း၅ ခု၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားရှိ တာဝါတိုင်စခန်းတို့ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
၂ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၅ ဦးကျဆုံးခဲ့ပါတယ်။
CNA ပြောခွင့်ရ ဆလိုင်းထက်နီက “ဩဂုတ်လ ၂၇ ရက်နေ့မနက် ၅ နာရီ ကစပြီး တိုက်ပွဲဆက်တိုက်ပြင်းထန်ခဲ့တာ နှစ်ဘက်ထိခိုက်မှုလည်းများခဲ့တယ်။ တိုက်ပွဲကတော့ ခဏငြိမ်နေတဲ့သဘောပါပဲ။ အချိန်မရွေးပြန်ဖြစ်နိုင်တယ်။ ခဏစောင့်ကြည့်နေတဲ့ သဘောပါပဲ” လို့ ပြောပါတယ်။
ထန်တလန်မြို့မှာ စစ်ကောင်စီရဲ့ ခလရ- ၂၆၉ တပ်ရင်းအပါအဝင် တပ်ရင်း ၅ ခုရဲ့ စစ်ကောင်စီ အင်အား ၁၅၀ လောက်နဲ့ ချင်းပြည်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ ၂ နှစ်ကြာ ထန်တလန်မြို့ရဲ့ တစ်နေရာစီမှာ တပ်စွဲထားတာဖြစ်ပါတယ်။
ပြီးခဲ့တယ့် ၂ ရက်ကြာတိုက်ပွဲမှာ CDF- ထန်တလန်မှ တပ်ဖွဲ့ဝင် ၄ ဦး၊ ချင်းအမျိုးသားတပ်မတော် CNA မှ တပ်ဖွဲ့ဝင် ၅ ဦး၊ CDF ဟားခါး တပ်ဖွဲ့ဝင် ၁ ဦး၊ CDF ဇိုဖေမှ တပ်ဖွဲ့ဝင် ၅ ဦးတို့ ချင်းအမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ CDF ထန်တလန်မှ ထုတ်ပြန်ထားပါတယ်။