ဟာရီကိန်းမုန်တိုင်း အစ်ဒါလီယာဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဘစ်ဘန်းဒ်ဒေသကနေ ကုန်းတွင်းကို သြဂုတ် ၃၀ ရက်က ဝင်ရောက်တိုက်ခတ်အပြီး ဂျော်ဂျီယာပြည်နယ်ဆီ ဆက်လက်ရွေ့လျားနေပါတယ်။
ဒါကြောင့် အန္တရာယ်များတဲ့ မုန်တိုင်းဒီရေ တက်လာခဲ့လို့ လမ်းမတွေပေါ်မှာ ရေကြီးခဲ့ပြီး လူသန်းပေါင်းများစွာ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။
မက္ကဆီကိုပင်လယ်ကွေ့ရဲ့ ပူနွေးတဲ့ရေပြင်ကြောင့် အားကောင်းလာတဲ့ အစ်ဒါလီယာဟာ ဖလော်ရီဒါပြည်နယ်ရဲ့ ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက် ၁၆ ပေထိမြင့်တဲ့ ကမ်းရိုးတန်း ရေလွှမ်းမိုးမှုနဲ့အတူ ခန့်မှန်းထားတဲ့အတိုင်း အဖျက်လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းသည်းထန်ထန် ရွာခဲ့ပါတယ်။
မုန်တိုင်းဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၅ မိနစ်မှာ လူပေါင်း ၁၃,၀၀၀ နေထိုင်နေတဲ့ ဘစ်ဘန်းဒေသရဲ့ ဗဟိုမှာရှိတဲ့ တေလာမြို့နယ် ကီးတွန်ကမ်းခြေကနေ ကုန်းတွင်းကို ဝင်ရောက်ခဲ့ပြီး ပြည်နယ်ရဲ့ မြောက်ဘက်က ဖလော်ရီဒါကျွန်းဆွယ်ဆီ ကွေ့ဝင်သွားခဲ့ပါတယ်။
မုန်တိုင်းက ကုန်းတွင်းဝင်ခါနီးမှာ ပိုအားကောင်းလာတာဟာ ရာသီဥတုဖောက်ပြန်တာကြောင့် ဖြစ်နိုင်ခြေများတယ်လို့ ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်များဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောပါတယ်။
စတုန်းနီးဘရွတ်ခ်တက္ကသိုလ်မှ ပါမောက္ခ ကီဗင်ရိဒ်က ရာသီဥတုပြောင်းလဲမှုကြောင့် ဟာရီကိန်းမုန်တိုင်းတွေ ပိုမိုပြင်းထန်လာပြီး မကြာသေးမီနှစ်တွေအတွင်း ပိုမိုအားကောင်းလာတယ်လို့ လေ့လာမှုတွေကို ကိုးကားပြောဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ သမုဒ္ဒရာအပူချိန် ပိုပူလာရခြင်းရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ သူက ပြောပါတယ်။ ဖလော်ရီဒါပြည်နယ် ပင်လယ်ကွေ့ကမ်းရိုးတန်း၊ ဂျော်ဂျီယာပြည်နယ် အရှေ့တောင်ပိုင်း၊ မြောက်နဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်တွေရဲ့ အရှေ့ဘက်ခြမ်းတို့မှာ ကြာသပတေးနေ့အထိ မိုးရေချိန် ၄ လက်မကနေ ၈ လက်မအထိ ရွာသွန်းနိုင်ပြီး သီးခြားနေရာတွေမှာ မိုးရေချိန်များများ ရွာသွန်းနိုင်တယ်လို့ အမျိုးသားဟာရီကိန်းစင်တာ (NHC) က သတိပေးခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ အာရ်မာ ဟာရီကိန်းမုန်တိုင်း၊ ၂၀၁၈ ခုနှစ်မှာ မိုက်ခယ်မုန်တိုင်းနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အဆင့် ၅ အထိရှိခဲ့တဲ့ အီယန်မုန်တိုင်းတို့ ဝင်ခဲ့တဲ့ ဖလော်ရီဒါ ပြည်နယ်မှာ ၇ နှစ်အတွင်း စတုတ္ထမြောက်ဖြစ်တဲ့ အဓိက ဟာရီကိန်းမုန်တိုင်း ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters