ပြည်ပကို အလုပ်သမား စေလွှတ်နေတဲ့ အေဂျင်စီတွေအနေနဲ့ စာချုပ် ချုပ်ဆိုပြီးတဲ့ အလုပ်သမားတွေကို ရက်ပေါင်း ၉၀ အတွင်း သက်ဆိုင်ရာနိုင်ငံကို စေလွှတ်ဖို့ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က ပြောပါတယ်။
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံတဲ့အစည်းအဝေးမှာ ဦးမြင့်နောင်က ပြောကြားသွားတာလို့ အဲဒီဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သတ်မှတ်ရက်အတွင်း စေလွှတ်နိုင်မှုမရှိရင် အလုပ်သမားတွေရဲ့ တိုင်ကြားမှုတွေ ဖြစ်ပေါ်လာနိုင်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အေဂျင်စီတွေက အလေးထားဆောင်ရွက်ဖို့ လိုကြောင်း၊ အလုပ်သမားတွေကို အချိန်မီစေလွှတ်နိုင်ခြင်းမရှိရင် သက်ဆိုင်ရာအေဂျင်စီတွေရဲ့ စာချုပ် ချုပ်ဆိုပြီးတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာနိုင်ငံဆီ စေလွှတ်ပြီးမှသာ အလုပ်ခေါ်စာအသစ်တွေကို ဝန်ကြီးဌာနက လက်ခံဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
မြေပြင်မှာ အေဂျင်စီတချို့က အလုပ်သမားနဲ့ စာချုပ်ချုပ်ပြီး လအတန်ကြာတဲ့အထိ ပြည်ပ စေလွှတ်နိုင်တဲ့ ဖြစ်ရပ်တွေရှိနေပြီး အလုပ်သမားတွေမှာ အချိန်ကုန်၊ ငွေကုန် ဖြစ်နေကြရတယ်လို့ ကိုယ်တိုင်တွေ့ကြုံနေရတဲ့ အလုပ်သမားတချို့က ဆိုပါတယ်။
ထိုင်းနိုင်ငံကို သွားရောက်ဖို့ စောင့်ဆိုင်းနေတဲ့ အလုပ်သမားတဦးက “တချို့တွေဆို နေ့ရွှေ့၊ ညရွှေ့နဲ့ တနှစ်ပြည့်တော့မယ် မထွက်ရသေးဘူး။ အေဂျင်စီကိုမေးရင်လည်း တိတိကျကျမရှင်းပြဘူး” လို့ ပြောပါတယ်။
အခုလိုအေဂျင်စီတွေရဲ့ အချိန်ဆွဲနေတဲ့လုပ်ရပ်အပေါ် တခြားထိရောက်တဲ့ အရေးယူမှုမျိုး ဆောင်ရွက်ပေးဖို့ကိုလည်း အလုပ်သမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပကို စေလွှတ်ခွင့်အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၄၅၀ ကျော်ရှိပြီး ထိုင်း၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ နိုင်ငံတွေကို အဓိကပို့ဆောင်နေကြတာ ဖြစ်ပါတယ်။