ပိုလန်နယ်စပ်အနီးမှာ ဘယ်လာရုစ်တပ်ဖွဲ့တွေက စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ “စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲ” ဖြစ်တယ်လို့ ပိုလန်ပြည်ထဲရေးဝန်ကြီး မာရီယူစ် ကာမင်စကီးက သြဂုတ် ၃၀ ရက်မှာ ပြောကြားပါတယ်။
ဒီသောကြာနေ့မှာ ဘယ်လာရုစစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ စတင်တော့မှာဖြစ်ကြောင်းနဲ့ ရုရှားတပ်ဖွဲ့တွေ ပါဝင်လာမယ်လို့ မျှော်လင့်ထားပေမဲ့ ယူကရိန်းစစ်ပွဲကြောင့် သေးငယ်တဲ့ ပမာဏလောက်ပဲ ရှိနေလိမ့်မယ်လို့လည်း ပြည်ထဲရေးဝန်ကြီး မာရီယူစ်ကာမင်စကီးက ပြောပါတယ်။
ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီယူစ်ဘလာ့ဇက်ခ်က “ပေါင်းစပ်တိုက်ခိုက်မှုတွေ၊ ရွှေ့ပြောင်းကျူးကျော်မှုတွေ ဖြစ်ပွားနေသေးတာကြောင့် နယ်စပ်ကို ခြံစည်းရိုးခတ်ပြီး ပိုလန်အစိုးရရဲ့ ကျေးဇူးနဲ့ ကာကွယ်သွားမှာပါ” လို့ ပြောပါတယ်။
ဘယ်လာရုစ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အီးယူနဲ့ နေတိုးအဖွဲ့ဝင် လတ်ဗီးယား၊ လစ်သူယေးနီးယားနဲ့ ပိုလန်တို့ဟာ ဘယ်လာရုစ်ကို ရာနဲ့ချီတဲ့ ဝဂ္ဂနာ ကြေးစားစစ်သားတွေ ရောက်ရှိလာပြီးကတည်းက နယ်စပ်လုံခြုံရေးကို ပိုပြီးစိုးရိမ်လာကြပါတယ်။
မကြာသေးတဲ့လတွေအတွင်း နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးပမ်းနေကြတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေ အရေအတွက် တိုးလာနေတာကို အဲဒီနိုင်ငံတွေက မြင်တွေ့ထားတာကြောင့် သူတို့ကို ဘယ်လာရုစ်က ကူညီပံ့ပိုးပေးနေတယ်လို့ စွပ်စွဲထားပေမဲ့ မင့်စ်ခ်က ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ပိုလန်နွယ်ဖွား ဂျာနယ်လစ်တဦးကို အကျဉ်းချခံထားရပြီး ပိုလန်သံတမန်တွေကို နှင်ထုတ်ခံရပြီးနောက် အခုနှစ်မှာ ပိုလန်နိုင်ငံဟာ ဘယ်လာရုစ်နဲ့ နယ်စပ်ဖြတ်ကျော်ဂိတ် တခုကလွဲလို့ အားလုံးကို ပိတ်ထားလိုက်ပါတယ်။
Source/Photo-Reuters