ဆူဒန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေနဲ့ နေရပ်ပြန်သူ ၂၃၀,၀၀၀ ကျော်ဟာ တောင်ဆူဒန်နိုင်ငံထဲကို ခိုလှုံရောက်ရှိလာခဲ့ပါတယ်။
ဆူဒန်ပြည်တွင်းပဋိပက္ခကနေ ထွက်ပြေးလာတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို ခရီးတထောက် နားနေစခန်းတွေမှာ တွေ့ရပုံ ရုပ်သံကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ တွေ့ရတာပါ။
ဆူဒန်ရဲ့ အရန်လက်နက်ကိုင်အဖွဲ့ RSF နဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ခါတွမ်မြို့တော်က ရပ်ကွက်တွေကို အမြောက်တွေနဲ့ တိုက်ခိုက်တဲ့အခါတိုင်း အမျိုးသမီးတွေနဲ့ ကလေးတွေ အိပ်ရာအောက်မှာ ပုန်းအောင်းနေပုံကို ဒုက္ခသည်တွေက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အဲဒီနောက် သုံးလအကြာမှာတော့ ဘေးကင်းဖို့ တောင်ဆူဒန်ကို ထွက်ပြေးခဲ့ကြပါတယ်။
ကုလသမဂ္ဂအေဂျင်စီက တခြား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ တည်ထောင်ထားတဲ့ နယ်စပ်ခရီးတထောက်နားဌာနဆီကို ဒုက္ခသည်တွေကို ပို့ဆောင်ပေးနေပါတယ်။
ဒီနေရာကို အသစ်ရောက်ရှိလာသူတွေကို အစားအစာ၊ ရေ၊ စောင်၊ ပုံးတွေနဲ့ အရေးပေါ် ဆေးကုသမှုတွေလို အခြေခံအချက်တွေ ပံ့ပိုးပေးထားပါတယ်။
ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်ဖှာတာ အယ်လ်ဘာဟန်ကတော့ အီဂျစ်သမ္မတ အဘ်ဒယ်ဖှာတာ အယ်လ်စီစီနဲ့တွေ့ဖို့ အီဂျစ်ကမ်းရိုးတန်းမြို့ အယ်လ်အလာမိန်းကို သြဂုတ် ၂၉ ရက်က ရောက်လာပါတယ်။
ဘာဟန်ဟာ ဧပြီ ၁၅ ရက်က အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ကတည်းက ဆူဒန်ကနေ ပထမဆုံးအကြိမ် ထွက်ခွာလာတာပါ။
ရှည်လျားတဲ့ ပြည်တွင်းစစ်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာတာကို ဟန့်တားဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေအတွင်း ဆူဒန်ရဲ့ စစ်မက်ဖြစ်ပွားနေတဲ့ အဖွဲ့တွေကြားမှာ ပြေလည်အောင် ဆောင်ရွက်ပေးဖို့ အီဂျစ်အစိုးရက ကမ်းလှမ်းခဲ့ပါတယ်။
သြဂုတ် ၂၈ ရက်က စစ်သားတွေကို မိန့်ခွန်းပြောရာမှာ ဘာဟန်က ပြိုင်ဘက် RSF ကို “သစ္စာဖောက်တွေ” အဖြစ် ရှုတ်ချပြီး အဆုံးအဖြတ် အောင်ပွဲခံမယ်လို့ ကတိပြုခဲ့ပါတယ်။
Source/Photo-Reuters