Home
နိုင်ငံတကာ
ဖူကူရှီးမားဒေသထွက် ပင်လယ်စာကို ဂျပန်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အတူတကွစားသုံးပြ
DVB
·
August 31, 2023
Japanese Prime Minister_Reuters_31082023

ဂျပန်ဝန်ကြီးချုပ် ဖူမိယို ကီရှီဒါဟာ  သြဂုတ် ၃၀ ရက်က ဝန်ကြီးတွေကို သူ့ရုံးခန်းဆီ ဖိတ်ကြားခဲ့ပြီး ဖူကူရှီးမားစီရင်စုကနေ ဖမ်းယူရရှိထားတဲ့ ပင်လယ်စာတွေနဲ့အတူ ဆာရှိမီ နေ့လယ်စာကို အတူသုံးဆောင်ပြခဲ့ပါတယ်။

ဆူနာမီဘေးဒဏ်သင့်အပြီး ၁၁ နှစ်အကြာမှာ ဖူကူရှီးမားဒိုင်အိချိ နျူးကလီးယား ဓာတ်အားပေးစက်ရုံကနေ ပြန်သန့်စင်ထားတဲ့ ရေဒီယိုသတ္တိကြွရေတွေ ထုတ်လွှတ်ခဲ့ပြီးနောက် တရုတ်က ဂျပန်ရဲ့ပင်လယ်စာ တင်သွင်းမှုအားလုံးကို ပိတ်ပင်တားမြစ်ထားတာကြောင့် ဖူကူရှီးမားနယ်မြေကို ပံ့ပိုးကူညီဖို့ ရည်ရွယ်လုပ်ဆောင်တာပါ။

ဖူကူရှီးမားအနီး ရေပြင်မှာ ဖမ်းမိတဲ့ ငါးမုတ်၊ ကကတစ်ငါးနဲ့ ရေဘဝဲ စတဲ့ သားစိမ်း ငါးစိမ်းတွေကို ခင်းကျင်းကျွေးမွေးတဲ့ စားသောက်ပွဲကို ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး ယာဆူတိုရှီ နီရှီမူရာ၊ ကလေးသူငယ်များဆိုင်ရာ မူဝါဒရေးရာဝန်ကြီး မာဆာနိုဘူ အိုဂူရာနဲ့ ဘဏ္ဍာရေးဝန်ကြီး ရှုနိချိ ဆူဇူကီးတို့ တက်ရောက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်က ချာနိုဘိုင်း ကမ္ဘာ့အဆိုးရွားဆုံး နျူးကလီးယားစက်ရုံ ဘေးအန္တရာယ် ကျရောက်ခဲ့ပြီးကတည်းက ၂၀၁၁ ခုနှစ်က ဆူနာမီ လှုပ်ခတ်ပြီးနောက် ၃ ကြိမ်တိုင်တိုင် အရည်ပျော်ကျခဲ့တဲ့ ဖူကူရှီးမားစက်ရုံကို ဖျက်သိမ်းဖို့ အဓိကခြေလှမ်းအဖြစ် ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က ရေတွေကို စတင်ထုတ်လွှတ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံအနီး ပင်လယ်ရေစမ်းသပ်မှုမှာ ရေဒီယိုသတ္တိကြွမှု တစုံတရာ မတွေ့ရှိခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောပါတယ်။ ဟိုက်ဒရိုဂျင်ရဲ့ ရေဒီယိုသတ္တိကြွအိုက်ဆိုတုပ်ဖြစ်တဲ့ ထရီတီယမ်ကလွဲလို့ ရေဒီယိုသတ္တိကြွဒြပ်စင် အများစုကို ဖယ်ရှားစစ်ထုတ်ပြီးနောက်မှာ ဖူကူရှီးမားရေဟာ ဘေးကင်းကြောင်း ဂျပန်နဲ့ သိပ္ပံအဖွဲ့အစည်းတွေက ပြောကြပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024