ပြည်တွင်းစျေးကွက်မှာ စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ်ဆယ်ရာခိုင်နှုန်းထက် ပိုတင် ရောင်းချခြင်း မပြုဖို့ ကြီးကြပ် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက သြဂုတ် ၂၈ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကုန်စည်တွေကို မတော်လောဘနဲ့ ဈေးနှုန်းမြှင့်တင် ရောင်းဝယ်နေတာတွေအပေါ် ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ရလိမ့်မယ်လို့ စကစ ဘက်က သတိပေး ပြောဆိုပြီးနောက် အသင်းက အခုလို ကြေညာချက် ထုတ်လာတာပါ။
ပြည်တွင်း လက်ကျန်စားအုန်းဆီတွေကို ဈေးကွက်အတွင်း လက်ကားရည်ညွှန်းဈေးအပေါ်မှာ အထွေထွေကုန်ကျစရိတ်တွေနဲ့ အသားတင်အမြတ် ၂ ရာခိုင်နှုန်းထက် မပိုတဲ့ ဈေးနဲ့ရောင်းချနိုင်ရေး၊ အဆင့်ဆင့်လက်လွှဲရောင်းချသည့်တိုင်အောင် လက်လီဈေးကွက်မှာ အသားတင်အမြတ် ၁၀ ရာခိုင်နှုန်းထက်မပိုတဲ့ ဈေးနှုန်းနဲ့သာ ရောင်းချရေးတို့ကို ကြီးကြပ်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းအနေနဲ့ စားသုံးဆီဈေးနှုန်း ထိန်းချုပ်ဖို့ ဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကိုလည်း ဩဂုတ် ၂၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စားသုံးဆီလက်လီ၊ လက်ကားကုန်သည်တွေ၊ ဆီအရောင်းဆိုင်တွေ လက်ကားရည်ညွှန်းဈေးနှုန်းနဲ့ စားအုန်းဆီဝယ်ယူရရှိစေဖို့နဲ့ ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချရာမှာ ပွင့်လင်းမြင်သာမှုရှိစေဖို့ရည်ရွယ်ပြီး အဲဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ အသင်းက ဆိုပါတယ်။
"တနိုင်ငံလုံး ကြိုက်တဲ့နေရာ ကြိုက်သလောက်ဝယ် ရည်ညွှန်းဈေးနဲ့ တပြေးညီ ရမယ်ဆိုရင်တော့ ကောင်းတာပေါ့။ မဟုတ်ရင် တနေရာ တဈေးစီ ဖြစ်ပြီး လက်လီသမားတွေ ရောင်းရခက်ကုန်မှာ" လို့ စားအုန်းဆီ ရောင်းချသူတဦးက ပြောပါတယ်။
အဆိုပါကော်မတီကို ဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များအသင်းရဲ့ စီမံခန့်ခွဲရေး ကော်မတီဝင်တွေ၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)က ကိုယ်စားလှယ်တွေ၊ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေရဲ့ တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းသွားမယ်လို့ အသင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အသင်းအနေနဲ့ ဈေးကွက်အတွင်း စားသုံးဆီ အလွယ်တကူဝယ်ယူရရှိနိုင်ရေးနဲ့ စားသုံးသူတွေအတွက် ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ်သွားဖို့ ရည်ရွယ်ဆောင်ရွက်တာလို့ အသိပေး ထုတ်ပြန်ထားပေမဲ့ လက်ရှိ ပြည်တွင်း ဈေးကွက်အတွင်းမှာတော့ စားအုန်းဆီ ၁ ပိဿာကို နေရာဒေသအလိုက် ကျပ် ၇၈၀၀ ကနေ ၁၀၀၀၀ အထက်အထိ ရောင်းချနေကြပြီး နေရာဒေသ တချို့မှာလည်း ဝယ်ယူရခက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
"ဈေးကတော့ ပြန်ကျနေတယ်။ အရင် တစ်ပိဿာ ၁၀,၀၀၀ ဝန်းကျင်ကနေ အခု ၈,၆၀၀ ပြန်ဆင်းသွားတယ်။ တစ်ဆိုင်နဲ့ တစ်ဆိုင် ရောင်းတဲ့ဈေးတွေက မတူဘူး။တစ်ချို့ဆိုင်တွေကျ ပစ္စည်းမရှိဘူးဆိုပြီး အရောင်းရပ်ထားကြတယ်" လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက ပြောပါတယ်။