ညောင်လေးပင်ခရိုင်းအတွင်းကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး မြေပြင်လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်အတွင်းက ကျောက်ကြီး၊ မုန်း၊ ရွှေကျင်မြို့နယ်အတွင်းကို စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် နယ်မြေလုံခြုံရေးရယူထားတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကပါ တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူက ပြောပါတယ်။
"စစ်ကောင်စီစစ်ကြောင်းတွေက စုဖွဲ့တည်ဆောက်ပြီး အားကောင်းကောင်းနဲ့ ဝင်ရောက်တယ်။ ဒီဘက်ကလည်း တန်ပြန်ထိုးစစ်တွေနဲ့ တိုက်တယ်။ တိုက်ပွဲတွေက ပြင်းထန်နေတဲ့ အနေအထားမှာရှိတယ်။ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားမှုတွေရှိတယ်။ ကျနော်တို့ဘက်က စစ်ရေးအသာစီးရယူနိုင်မှုတွေရှိတယ်။"
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ မိုးကာလ လမ်းပန်ဆက်သွယ်ရေးခက်ခဲတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီတာဝန်ရှိသူက ပြောပါတယ်။
ဩဂုတ် ၂၉ ရက်နေ့က ရွှေကျင်မြို့နယ် ပျဉ်ရေကြီးကျေးရွာနဲ့ မုန်းမြို့နယ် လက်တက်ကြီး ကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ ခလရ−၂၆၄ တပ်၊ ခမရ−၄၃၉ တပ်တွေက လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးထိမှန်ပြီး ကလေးငယ်အပါအဝင် ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် သောင်းချီတဲ့ ဒေသခံပြည်သူတွေဟာ ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်း မြစ်ကမ်းနံဘေးက ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီကနေ သိရပါတယ်။