မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမှာ စစ်ယာဥ်တန်းနောက်ကလိုက်လာတဲ့ လူမှုကူညီရေးအသင်းရဲ့ကား ၁ စီး သေနတ်နဲ့ပစ်ခတ်ခံရပြီး လူနာ အမျိုးသမီးတယောက် ကျည် ထိဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၂၉ ရက် နေ့လယ် ၁ နာရီလောက်မှာ ကျိုက်ထိုကနေ မော်လမြိုင်ကို ဆေးကုဖို့သွားမယ့် လူနာကို တင်ဆောင်လာတဲ့ တောင်တန်းမေတ္တာ လူမှုကူညီရေးအသင်းကားဟာ လမ်းအတိုင်း မောင်းလာချိန်မှာ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။
“သိရသလောက်က သူတို့ကားက စစ်ယာဥ်တန်းနောက်က လာနေရာကနေ ကျော်တက်လိုက်တာ။ အဲဒီအချိန်မှာ လက်နက်ကိုင်အဖွဲ့ကလည်း စစ်ယာဥ်တန်းကို ပစ်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားပြီး ကားကျည် တစ်ချက်ထိသွားတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကားပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါ ဆေးခန်းပြမယ့်လူနာ မရွှေစင်ဟာ ပေါင်နဲ့ခြေသလုံးမှာ ကျည်ထိမှန်ဒဏ်ရာ မစိုးရိမ်ရရဒဏ်ရာရရှိပြီး လူနာတင်ယာဥ်မှာတော့ ကားအနောက်ပိုင်း ကျည်ဖောက်ဝင် အပေါက်တစ်ခုဖြစ်ပေါ်ခဲ့ပြီး ကြီးကြီးမားမား ထိခိုက်ပျက်စီး မရှိခဲ့ပါဘူး။
လူနာတင်ကား ကျော်သွားပြီးနောက် လက်နက်ကိုင်အဖွဲ့က စစ်ယာဥ်တန်းကို ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသွားပါတယ်။
ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းကလည်း ဘီးလင်းတိုးဂိတ်ဟောင်းနားက စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပြီး ရဲ ၁ ဦးနဲ့အရပ်သား ၁ ဦးဒဏ်ရာရခဲ့ပါတယ်။