အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရဲ့ လူအစည်ကားဆုံးဘူတာဖြစ်တဲ့ မန်ဟတ်တန်ရပ်ကွက်က တိုင်းမ်စကွဲ ၄၂ လမ်း မြေအောက်ဘူတာမှာ သြဂုတ် ၂၉ ရက် မနက်အစောပိုင်းက ပင်မရေခလုတ် ကျိုးပျက်သွားလို့ ရေဂါလန် ၁ ဒသမ ၈ သန်းလောက် ပေါက်ထွက်ခဲ့ပြီး ရထားသံလမ်းတွေ ရေလွှမ်းမိုးခဲ့ပါတယ်။
မနက် ၃ နာရီအချိန်က သက်တမ်း ၁၀၀ ကျော်ရှိနေတဲ့ ရေဘားဟာ အမှတ် ၄၀ နဲ့ သတ္တမရိပ်သာလမ်းအောက်မှာ ကျိုးကျခဲ့တာပါ။ အမှတ် ၁ ၊ ၂ နဲ့ ၃ လိုင်းတို့မှာရှိတဲ့ ရထားသံလမ်းတွေ ရေလျှံသွားခဲ့ပါတယ်။
နယူးယောက် ရထားလိုင်းတာဝန်ရှိသူ ရစ်ချတ်ဒါဗေက "ပုံမှန်အားဖြင့် မနက်ခင်း အလုပ်သွားချိန် လူကျပ်ချိန်မှာ ရထားလိုင်း ၁၊ ၂ နဲ့ ၃ လိုင်းကို သုံးတဲ့ လူဦးရေ သုံးသိန်းလောက်ရှိလို့ ဒီနေ့မှာ လူဘယ်နှယောက် ထိခိုက်သွားတယ်ဆိုတာ သိနိုင်မှာပါ" လို့ ပြောပါတယ်။
ရေဂါလန်ပေါင်း ၁ ဒသမ ၈ သန်းလောက် ကျနော်တို့ရဲ့စနစ်ထဲကို ဝင်သွားပြီး ခန့်မှန်းခြေ ရေဂါလန် တစ်သန်းလောက်ကို ကျနော်တို့ရဲ့ ပုံမှန်ရေစုပ်ခန်းတွေကနေ စုပ်ထုတ်လိုက်ပြီးပြီလို့ ယူဆကြောင်းနဲ့ ရေကို ပိတ်ပစ်ဖို့ မိနစ် ၉၀ လောက် အချိန်ယူလိုက်ရတယ် ထင်တယ်လို့ ပြောပါတယ်။
မြေအောက်ရထားကို နေ့လယ်ပိုင်းမှာ ပြန်ပြေးဆွဲခဲ့ပေမယ့် အမှတ် ၁၊ ၂ နဲ့ ၃ လိုင်းတို့မှာ မနက်ပိုင်းအများစုကို ရထားမပြေးဆွဲဘဲ ရပ်နားထားပါတယ်။
Source/Photo - Reuters