ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ (၈) ရပ်ကွက်၊ နယ်မြေ ၃၊ လားရှိုး- မူဆယ်လမ်းမ၊ Luxury Lounge ဟိုတယ်မှာ သြဂုတ် ၂၉ ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ဟိုတယ် ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဟိုတယ်ဘက်က အတည်ပြုပါတယ်။
ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ ဟိုတယ်အရှေ့ကို အဲဒီညနေ ၄ နာရီခွဲလောက်က အမည်းရောင်အိတ် ကိုင်လာတဲ့ အမျိုးသား နှစ်ယောက် ရောက်ရှိလာတာဖြစ်ပြီး တဦးက ဟိုတယ်ထဲ ဝင်လာကာ ဧည့်ကြိုကောင်တာအနားမှာ လက်ဆွဲအိတ်ထားခဲ့ရာကနေ အဆိုပါအိတ်ထဲက ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မြို့ခံကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “နှစ်ယောက် ထိထားတယ်၊ ခြေထောက်မှာ ဗုံးစတွေ မှန်ထားတာ၊ ဟိုတယ်ဝန်ထမ်းတွေပါပဲ၊ သူတို့ပြောတာက ၄ ခွဲလောက်မှာ ယောက်ျား ၂ ယောက် လာတယ် ဆိုင်ကယ်နဲ့။ တယောက်က အိတ်ကိုင်ပြီး ဝင်လာတာ၊ Reception မှာ ဟိုတယ် အခန်းငှားခ မေးပြီး လူချည်းပဲ ပြန်ထွက်သွားတာ၊ ကောင်တာရှေ့ ထားခဲ့တဲ့ အထုပ်ကနေ ပေါက်ကွဲတာပါ”လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဟိုတယ်ရဲ့ ဧည့်ကြိုသစ်သားကောင်တာအရှေ့ပိုင်းပျက်စီး၊ အဝင်မှန်တံခါး ၆ ချပ် ကွဲအက်ကာ ဗုံးပေါက်ကွဲချိန် အနီးအနားမှာရှိနေတဲ့ ဟိုတယ်ဝန်ထမ်းအမျိုးသား ၂ ဦးမှာ ဗုံးစမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို မတွေ့ရသေးပါဘူး။
အဆိုပါဗုံးဟာ စပရေးဘူးနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံး အမျိုးအစားဖြစ်တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးကို အရပ်ဘက်အသင်းယာဉ်နဲ့ လားရှိုးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။