ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့မဈေးမှာ ဩဂုတ် ၂၉ ရက် မနက်က ဆေးကြောင်နေတဲ့ အမျိုးသားတယောက်က ၂ နှစ်အရွယ် ကလေးငယ်တယောက်ကို ဓားမနဲ့ ခုတ်သတ်ခဲ့တယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံတွေထံက သိရပါတယ်။
မနေ့မနက် ၁၀ နာရီမှာ မိဘနဲ့အတူ ပင်လောင်းဈေးကို လိုက်လာတဲ့ ကလေးငယ်ကို ဆေးကြောင်သူက အကြောင်းရင်းမရှိဘဲ ဓားနဲ့ ခုတ်ချလိုက်တာဖြစ်ပြီး အခင်းဖြစ်ပြီးချင်း ကလေးငယ်ကို ပင်လောင်းဆေးရုံပို့ပေးခဲ့ပေမဲ့ ကလေးဦးခေါင်း ထိခိုက်ဒဏ်ရာက သွေးထွက်လွန်ပြီး သေဆုံးခဲ့ရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
မျက်မြင်ဈေးသည်တစ်ဦးက “ကလေးကို ခုတ်ပြီး သွေးထွက်တဲ့ မြင်ကွင်းက ခုထိ မျက်စိထဲကနေ မထွက်ဘူး။ ရင်အရမ်းနာကျင်ရတယ်။ အရမ်းလည်း ကြောက်ရတယ်။”
ပင်လောင်းဒေသမှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး အလွယ်တကူ ရောင်းဝယ်သုံးစွဲနိုင်ပြီး ရောင်းဝယ် သုံးစွဲသူတွေကိုလည်း တာဝန်ရှိသူတွေက အရေးယူတာမျိုး မရှိပါဘူး။
ပင်လောင်းဒေသမှာ မူးယစ်ဆေးဝါးကြောင့် လုယက်မှု၊ ဓားပြတိုက်မှု၊ အိမ်တွင်းဖောက်ခံရမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ နေ့စဉ်လိုလို ဖြစ်ပွားနေသလို လမ်းပေါ် နေရာတိုင်းလိုလို မူးယစ်ဆေးကြောင်သူတွေ တွေ့နေရပါတယ်။