ပါကစ္စတန်တရားရုံးတရုံးဟာ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းရဲ့ အကျင့်ပျက် ခြစားမှုတွေအပေါ် မကြာသေးခင်က စီရင်ချက်ချမှတ်ထားတာကို သြဂုတ် ၂၉ ရက်မှာ ဆိုင်းငံ့လိုက်ကြောင်း သူ့ရှေ့နေက ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ဒါဟာ အင်မ်ရန်ခန်းကို ထောင်ကနေ ပြန်လွှတ်ပေးမယ်၊ မပေးဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ပြောပါတယ်။
“ဒီနေ့စီရင်ချက်ကို တရားရုံးချုပ် တရားသူကြီး နှစ်ယောက်က ဆိုင်းငံ့ထားခဲ့ပြီး မကြာခင်မှာ အင်မ်ရန်ခန်း ထောင်ကနေ ပြန်လွတ်လာဖို့ မျှော်လင့်နေပါတယ်” လို့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းရဲ့ ရှေ့နေ ဂါအူဟာ ခန်းက ပြောပါတယ်။
အင်မ်ရန်ခန်းဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးချုပ်ရာထူးသက်တမ်းအတွင်း နိုင်ငံတော်လက်ဆောင်တွေကို တရားမဝင်ရောင်းချမှုနဲ့ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်စီရင်ခံခဲ့ရပြီးနောက် ဩဂုတ်လ ၅ ရက်မှာစပြီး ထောင်ချခံခဲ့ရတာပါ။
သူ လွတ်လာမယ်လို့ အရမ်းမျှော်လင့်ထားပြီး တခြားအမှုတွေနဲ့ ထပ်အဖမ်းခံရမယ်လို့ အကြောင်းကြားထားတာလည်း မရှိသေးလို့ မကြာခင် ထွက်လာသင့်ကြောင်းနဲ့ အားလုံးက လုပ်ထုံးလုပ်နည်းတွေ ပြီးစီးဖို့ကို စောင့်မျှော်နေကြောင်းလည်း ရှေ့နေ ဂါအူဟာခန်းက ပြောပါတယ်။
“တခြားအမှုတွေနဲ့ သူ့ကို ဖမ်းမယ်ဆိုရင်လည်း ကျနော်တို့ရဲ့ နည်းဗျူဟာက အွန်လိုင်းမှာ ရှိနေပြီးသားဖြစ်ပြီး တရားရုံးချုပ်၊ တရားလွှတ်တော်ချုပ်မှာ အမှုတွဲတွေ တင်ထားပြီးသား” လို့လည်း ရှေ့နေက ဆိုပါတယ်။
တခြားအမှုတခုခုနဲ့ သူ့ကို ဖမ်းဆီးခြင်းမပြုဖို့လည်း တားမြစ်ပေးဖို့ တရားရုံးကို တောင်းဆိုနေပါတယ်လို့လည်း ခန်းရဲ့ရှေ့နေက ပြောပါတယ်။
ပြစ်ဒဏ်ချမှတ်မှု ရလဒ်အရ လာမယ့်လတွေအတွင်း ကျင်းပဖို့မျှော်မှန်းထားတဲ့ ရွေးကောက်ပွဲမှာ အင်မ်ရန်ခန်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိကြောင်း နိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်က ခန်း ကို ၅ နှစ် ပိတ်ပင်ထားပါတယ်။
Source/Photo-Reuters