Home
မြန်မာသတင်း
အရင်းနည်းပြီး အမြတ်များသဖြင့် မွေးမြူရေးမှို တနိုင်တပိုင်စိုက်သူပိုများလာ
DVB
·
August 30, 2023
Snow Mushroom Planting 3
Snow Mushroom Planting
Snow Mushroom Planting 2
Snow Mushroom Planting 4
Snow Mushroom Planting 5

မြန်မာ​ပြည်တွင်းမှာ မွေးမြူရေးမှိုတွေဖြစ်တဲ့ ကောက်ရိုးမှိုနဲ့ ငွေနှင်းမှိုတွေကို  တနိုင်တပိုင် စိုက်ပျိုးသူတွေ ပိုမိုများလာတယ်လို့ မွေးမြူရေးမှိုလုပ်ကိုင်သူတွေက ပြောပါတယ်။

ကောက်ရိုးမှိုနဲ့ ငွေနှင်းမှိုတို့ဟာ အရင်းအနှီးနည်းနည်းနဲ့ စိုက်ပျိုးနိုင်တာ၊ နေရာလိုအပ်ချက် မရှိတာ၊ ဈေးကွက်လိုအပ်ချက်ရှိတာနဲ့ အမြတ်အစွန်း များတာတွေကြောင့် တနိုင်တပိုင် စိုက်ပျိုးထုတ်လုပ်တဲ့ သူ များလာတာလို့ သိရပါတယ်။

ကောက်ရိုးမှိုမျိုး တထုပ်ကို ကျပ် ၇၀၀ သာရှိပြီး စနစ်တကျ စိုက်ပျိုးပါက အထွက်နှုန်း ၉ ပိဿာ ကနေ ၁၀ ပိဿာအထိ ထွက်ရှိသလို လက်ရှိကာလပေါက်ဈေး တပိဿာကို ကျပ် ၁၀၀၀၀ အထိ ရရှိနေတယ်လို့ ကောက်ရိုးမှို စိုက်ပျိုးရောင်းဝယ်သူ တဦးက ပြောပါတယ်။

“အရင်းအနှီးက ဘာမှသိပ်မကုန်ဘူး။ မှိုဆေးရယ်၊ ကောက်ရိုးနဲ့ နွားချေးနဲ့ ကတ်ထူပြားဖြစ်ဖြစ်၊ ခြင်းနဲ့ ဖြစ်ဖြစ် မှိုဖောက်လောက်ရင် ရပြီး။ ကျနော်တို့က ၉ ပေ ၃ ပေ ဘောင်အကျယ်ကနေ တခေါက်ကို အနိမ့်ဆုံး ၈ ပိဿာလောက် ထွက်ရမယ်ဆိုပြီးလုပ်ပေမယ့် ၁၀ ပိဿာလောက်ထိကို ထွက်ပါတယ်။ ကောက်ရိုးမှိုဈေးကလည်း ကောင်းသလို ရောင်းရလည်း လွယ်တော့ တော်တော်အဆင်ပြေပါတယ်။ ကောက်ရိုးမှို စိုက်တဲ့ သူတွေက အရင်ကထက်စာရင် အခု ထက်ဝက်လောက် ပိုများလာပေမဲ့ ဈေးကွက်လိုအပ်ချက်ကို ဖြည့်နိုင်ခြင်းတော့ မရှိသေးပါဘူး။ ကျနော်တို့လည်း လုပ်ချင်တဲ့သူတွေကို မျိုးထုပ်တွေပေးပြီး သင်ပေးနေပါတယ်”

ငွေနှင်းမှိုမျိုး တထုပ် ကျပ် ၅၀၀ သာရှိပြီး အထွက်နှုန်းမှာ ၃ ပိဿာအထိ ထွက်ရှိကာ ငွေနှင်းမှို တပိဿာ ကျပ် ၆၀၀၀ အထိ ရရှိနေတယ်လို့ ငွေနှင်းမှိုစိုက်ပျိုးနေသူ တဦးက ပြောပါတယ်။

“ငွေနှင်းမှိုက နည်း ၂ ခုနဲ့ စိုက်ပျိုးလို့ရတယ်။ တခုက ကိုယ့်ဘာသာ မျိုးထုပ်ဝယ်ပြီး ပျိုးရတယ်။ နောက်တခုက မြေသြဇာတွေပါပြီးသား အရန်သင့်မျိုးထုပ် ဝယ်တာ။ မ​ပျိုးဘဲ တခါတည်း ဝယ်ပြီးစိုက်ရင် အချိန်ကုန်လည်း သက်သာသလို မှိုလည်း ပိုထွက်ပေမယ့် ကုန်ကျစရိတ် များတယ်။ ငွေနှင်းမှိုကတော့ စိုက်ပျိုးမှိုထဲမှာတော့ အလားအလာအကောင်းဆုံးမှိုဖြစ်သလို စိုက်ပျိုးတဲ့သူလည်း များပါတယ်။” 

တောင်သူတွေ စိုက်ပျိုးပြီး ထွက်ရှိလာတဲ့ မှိုတွေကို မှိုဒိုင်တွေမှာ ရောင်းချပြီး အဲဒီကတဆင့် သီရိမင်္ဂလာဈေး၊ ဓညင်းကုန်းဈေးနဲ့ ထောက်ကြန့်ဈေးကို နေ့စဉ် ကုန်ချိန်ပိဿာ ၂၀၀၀ နီးပါးအထိ တင်ပို့ကြပြီး ဈေးတွေကတဆင့် ရန်ကုန်တိုင်းရှိ ဈေးကွက်တွေကို ဖြန့်ဖြူးရောင်းချ​နေပါတယ်။

အခုလက်ရှိ လက်လီဈေးကွက်မှာ ကောက်ရိုးမှို တပိဿာ ကျပ် ၁၃,၀၀၀ မှ ၁၄,၀၀၀ အထိရှိနေပြီး ငွေနှင်းမှိုတပိဿာ ကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ အထိရှိနေပါတယ်။

ကောက်ရိုးမှိုနဲ့​ ငွေနှင်းမှိုတွေကို ဟိုတယ်၊ စားသောက်​ဆိုင်၊ ထမင်းဆိုင်တွေက အဓိက အသုံးပြုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024