ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သြဂုတ် ၂၄ ရက်နေ့တုန်းက နန့်ယားကျေးရွာကနေ လူသားဒိုင်းအဖြစ် စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူတွေ အားလုံး ပြန်လည်လွတ်မြောက်လာပြီလို့ ဒေသခံတွေထံက သိရပါတယ်။
သြဂုတ် ၂၈ ရက်နေ့က မွန်းတည့် ၁၂ နာရီလောက်မှာ ဖားကန့်နဲ့ နန့်ယားကြားမှာရှိတဲ့ နန့်တိန်ရွာအရောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဒေသခံ အယောက် ၃၀ လောက် အားလုံး ပြန်လည်လွတ်မြောက်လာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဖားကန့်တက်တဲ့ လမ်းဘက်ကို စစ်ကြောင်းနဲ့အတူ ခေါ်သွားတာ။ ၄ ရက်လုံး သူတို့ကို ထမင်းမကျွေးဘူး။ မုန့်ခြောက်တွေပဲ ကျွေးတယ်ပြောတယ်။ ပြီးတော့ လမ်းခရီးမှာ ၂၇ ရက်နေ့က ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်သေးတယ်။ နန့်တိန် စစ်ကောင်စီတပ်စခန်း ရောက်တဲ့အခါကျမှာ ဘုန်းကြီးကျောင်းမှာ အကုန်လုံးကို နားခိုင်း၊ ရေချိုးခိုင်းပြီး အကုန်လွှတ်ပေးလိုက်တာ။ ဖိနပ်တောင် မပါဘူး။ တောထဲတောင်ထဲ လျှောက်ရတာ။ ခြေထောက်မှာ ဒဏ်ရာရတဲ့သူနဲ့ ဆူငြောင့်တွေ စူးတဲ့သူနဲ့။ ညလည်း မအိပ်ရ အစားလည်း မစားရတော့ ကုန်လုံး ပျော့ဖတ်ပြီး ပြန်ရောက်လာကြတာ။ အသက်မသေဘဲ ပြန်လွတ်လာတာပဲ ကျေးဇူးတင်ရမလိုပဲ။”
ဖမ်းဆီးခံရသူတွေထဲမှာ ဘာသာရေးဆရာတစ်ဦး၊ ကျောင်းသားနှစ်ဦး၊ ဘုရားကျောင်း ဆောက်လုပ်ရေးက အင်ဂျင်နီယာနဲ့ နန့်ယားကျေးရွာ၊ ကပ်မှော်ဇွပ်ကျေးရွာ၊ ဆိုင်းဖရာကျေးရွာတို့က ဒေသခံတွေ ပါဝင်ပြီး အယောက် ၃၀ လောက် ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းထိုးနေစဥ်အတွင်းမှာပဲ လမ်းခရီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ သုံးကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ ထိခိုက် ဖမ်းဆီးခံရသူတွေ ထိခိုက်သေဆုံးတာတာ့ မရှိပါဘူး။
သြဂုတ် ၂၄ ရက်နေ့က စစ်ကောင်စီတပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း စစ်ကြောင်းက လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေသယ်ဖို့ ဒေသခံ အယောက် ၂၀ လောက် တောင်းရာကနေ နန့်ယား ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့က ဖားကန့်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားပြီး ကားမိုင်း-ဖားကန့်လမ်းပိုင်းမှာ ခရီးသွားပြည်သူ ၁၀၀၀ လောက် ပိတ်မိနေခဲ့ပါတယ်။