ဂရိနိုင်ငံအနီး တူရကီကနေ ပင်လယ်ကိုဖြတ်ဖို့ ကြိုးစားကြရင်း သြဂုတ် ၂၈ ရက်က လက်စ်ဘော့စ်ကျွန်းမှာ ကလေးငယ် လေးယောက် ရေနစ်သေဆုံးခဲ့ပြီး သီးခြားအနေနဲ့ ဆမော့စ်ကျွန်းမှာလည်း အမျိုးသမီးတယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ဂရိအစိုးရက ပြောပါတယ်။
ဂရိကမ်းခြေစောင့်တပ်ဖွဲ့ဟာ တနင်္လာနေ့ အစောပိုင်းမှာ တူရကီရေပိုင်နက်အတွင်း လူ ၂၃ ဦးကို ကယ်တင်ခဲ့ပြီး သူတို့ထဲက ၄ ဦး သေဆုံးသွားခဲ့တာလို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ပဲ့ဗ်လော့စ် မာရီနာကစ်စ်က ပြောပါတယ်။
သူတို့တွေဟာ အသက် ၈ နှစ်အရွယ် ယောက်ျားလေးတယောက်နဲ့ ၁၄ နှစ်၊ ၈ လနဲ့ ၁၁ လအရွယ် မိန်းကလေး ၃ ယောက်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
မာရီနာကစ်စ်ရော ကမ်းခြေစောင့်တပ်ရော အဖြစ်အပျက်နဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကို မပြောခဲ့ပါဘူး။
သီးခြားအနေနဲ့ ဆမော့စ်ကျွန်းမှာလည်း ညလုံးပေါက် သတိလစ်မေ့မြောနေတဲ့ အမျိုးသမီးတယောက်နဲ့ ကလေးတယောက်တို့ကို တွေ့ရှိခဲ့ပြီးတော့ ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ နောက်ပိုင်းမှာ အမျိုးသမီးက သေဆုံးသွားခဲ့ကြောင်း မာရီနာကစ်စ်က ပြောကြားပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ရဲ့ အချက်အလက်တွေအရ အခုနှစ်အတွင်း ဂရိနိုင်ငံကို လူပေါင်း ၁၅,၆၀၀ ကျော် ရောက်ရှိလာပြီး သူတို့ထဲက ၁၂,၀၀၀ နီးပါးဟာ ပင်လယ်ပြင်ကနေ ရောက်ရှိလာကြောင်း သိရပါတယ်။
Source/Photo - Reuters