မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်လမ်းပိုင်းမှာ စစ်အုပ်စုက ကားလမ်းအနီး မိုင်းထောင်ဖောက်ခွဲခဲ့တာကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၁ ဦး လက်ပြတ်သွားတယ်လို့ စဉ့်ကူးဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၈ ရက်နေ့ မနက် ၇ နာရီလောက်က မန္တလေး-မိုးကုတ် ကားလမ်းကြော ရွှေပြည် ကျေးရွာအနီးမှာ စစ်အုပ်စုက မိုင်းထောင်ကာ ဖောက်ခွဲခဲ့တဲ့အတွက် ခရီးသွားလာနေတဲ့ ပြည်သူတွေ ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
မိုင်းကြောင့် အသက် ၇ နှစ်အရွယ် ကလေး ၁ ဦး လက်ပြတ်သွားသလို ကလေးငယ်တဦးလည်း သေဆုံးသွားခဲ့တယ်လို့ စဉ့်ကူးဒေသခံတဦးက ပြောပါတယ်။
"သူတို့ဟာ သူတို့ထောင်ပြီးတော့ ပြည်သူတွေကို သပ်သပ်မဲ့ ခွဲလိုက်တဲ့ မိုင်းကနေပြီးတော့ ကလေးလေး၊ ၇ နှစ်သားလေးတယောက် လက်နှစ်ဘက် ဖြတ်လိုက်ရတယ်။ တယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်၊ ရွှေပြည်လမ်းပိုင်းမှာဗျ။"
မိုင်းကွဲမှု ဖြစ်ပြီးနောက် အဆိုပါကားလမ်းကြောမှာ စစ်အုပ်စုက သွားလာခွင့် ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ မိုင်းဖောက်ခွဲတာတွေ လုပ်ဆောင်လေ့ရှိပြီး လုပ်ဆောင်ပြီးပါကလည်း PDF တွေက လုပ်ကြောင်း ဝါဒဖြန့်လေ့ရှိတယ်လို့လည်း စဉ့်ကူးဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ စဉ့်ကူးမြို့နယ်အတွင်း စစ်ကြောင်းထိုးတာ၊ ပိတ်ဆို့ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုကို တိုက်ခိုက်ဖို့အတွက် ပြည်တော်ပြန် မစ်ရှင်နဲ့ လက်နက်လိုအပ်ချက်အတွက် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ကူညီ လှူဒါန်းပေးဖို့ကိုလည်း စဉ့်ကူးမြို့နယ် ဥဒေါင်းမင်း ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
ထီးချိုင့်မြို့နယ် ဒေသခံရွာသားတဦးက “ရွာနား ရောက်လာကတည်းက သေနတ်တွေ ပစ်ဖောက် ဝင်လာတာ။ ရွာထဲက ကြိုတင်ရှောင်တဲ့ လူအများစုကတော့ လွတ်တယ်။ စစ်ကြောင်းမလာခင် ရွာထဲမှာ နွားစာကျွေး၊ ဝက်စာကျွေး ကျန်ခဲ့တဲ့သူတွေနဲ့ အသက်ကြီးရွယ်အိုအများစု ပိတ်မိနေတယ်။ အခုလည်း သူတို့ လက်နက်ကြီးနဲ့ ပစ်လို့ အသက် ၇၈ နှစ်ကျော် ဦးပေါ်ဝ ကျည်စထိမှန်ပြီး နေရာတင် သေဆုံးသွားတယ်”လို့ ပြောပါတယ်။
ထီးချိုင့်မြို့နယ်အတွင်း စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။