စားအုန်းဆီစျေးမှာ ရက်ပိုင်းအတွင်း အနည်းငယ်ပြန်ကျလာပေမဲ့ ရည်ညွှန်းစျေးသတ်မှတ်ချက်ထက် နှစ်ဆကျော် ကြီးမြင့်နေဆဲဖြစ်တယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။
စားအုန်းဆီစျေးမှာ ၁ ပိဿာ ၁၂,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ရာက ဒီနေ့မှာ ၉,၅၀၀ ကျပ်အထိ ပြန်လည်ကျဆင်းလာတာပါ။
ဒါပေမဲ့ စားသုံးဆီတင်သွင်း၊ သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားတဲ့ လက်ကားရည်ညွှန်းစျေး ၁ ပိဿာ ၄,၁၅၅ ကျပ် နှစ်ဆကျော်ကြီးမြင့်နေတာကြောင့် ဝေဖန်မှုတွေ ဆက်ရှိနေပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်နေ အိမ်ရှင်မတဦးက "ဖမ်းမယ် ဆီးမယ်ဆိုလို့သာ စျေးက နည်းနည်းပြန်ကျပြတာလို့ ထင်တယ်။ဘယ်အချိန် ပြန်တက်လာမလဲမသိဘူး" လို့ ပြောပါတယ်။
စားအုန်းဆီစျေးဟာ ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကနေ တဖြည်းဖြည်း မြင့်တက်လာတာဖြစ်ပြီး စစ်ကောင်စီက ဆီစျေးပြန်ကျဖို့ စျေးတင်ရောင်းချသူတွေကို ဖမ်းဆီးအရေးယူမယ်ဆိုပြီး သတိပေးခဲ့ပါတယ်။
ဒါ့အပြင် စားအုန်းဆီစျေး တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ကို သြဂုတ် ၂၈ ရက်မှာ အရေးပေါ်ဖွဲ့စည်းလိုက်ပြီး စျေးကွက်အတွင်း လွယ်လင့်တကူ ဝယ်ယူနိုင်ရေးနဲ့ စားသုံးသူ ဝယ်ယူရတဲ့အချိန်အထိ စျေးနှုန်းကြီးမြင့်မှုမရှိစေရေး ထိန်းသိမ်းကြပ်မက်ဖို့ ရည်ရွယ်ဖွဲ့စည်းတာလို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲဒီလုပ်ငန်းအဖွဲ့အနေနဲ့ စားအုန်းဆီလက်ကျန်ကို စျေးကွက်အတွင်း လက်ကားရည်ညွှန်းစျေးအပေါ်မှာ အထွေထွေကုန်ကျစရိတ် နဲ့ အသားတင်အမြတ် နှစ်ရာခိုင်နှုန်းထက်မပိုတဲ့ စျေးနဲ့ ရောင်းချနိုင်ရေး၊ အဆင့်ဆင့်လက်လွှဲရောင်းချတဲ့တိုင် အသားတင်အမြတ် ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ စျေးနဲ့ရောင်းချဖို့ ကြီးကြပ်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအစီအစဥ်နဲ့ လက်ကားဈေးထက် အနည်းငယ်သာပိုတဲ့ ၁ ပိဿာ ၄၅၀၀ ကျပ်ဝန်းကျင်နဲ့ လိုက်လံရောင်းချပေးတဲ့နေရာမှာ ဝယ်ယူသူများပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။