ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာ အမှတ် ၁ ရပ်ကွက်က သဒ္ဒါမိုး စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ရွှေရည်ကို အမည်အသိ လက်နက်ကိုင်အဖွဲ့က ဖမ်းသွားပြီးနောက် ၃ ရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ လုံးခင်း ရွာသားတွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူး လုပ်ခဲ့သူ အဲဒီအမျိုးသမီးကို ဩဂုတ် ၂၅ ရက် ညပိုင်း ၇ နာရီက မျက်နှာဖုံးတပ်ထားတဲ့ လူ ၄ ယောက်က ကားနဲ့လာပြီး ဆိုင်မှာပဲ ဖမ်းဆီးသွားတာပါ။
ဒေသခံ တဦးက “အာဏာသိမ်းပြီးကတည်းကတော့ ပါတီကိစ္စ လုပ်တာ သိပ်မတွေ့ရဘူး။ အဖမ်းခံရတာ သုံးရက် ကြာတဲ့အထိ ပြန်မလွတ်လာသေးဘူး။ ဘာလို့ ဖမ်းလဲတော့ မသိဘူး”လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ အရပ်သားတွေကို လက်နက်ပြ ဖမ်းဆီးမှု၊ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့ အလောင်းစွန့်ပစ်မှု၊ အနုကြမ်းစီး ဓားပြတိုက်မှု၊ လုယက် သတ်ဖြတ်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။