ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ ဇေယျာမွန်အိမ်ရာ၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ သုခရှင် ဆန်ရောင်းဝယ်ရေးလုပ်ငန်းရုံးမှာ ဩဂုတ် ၂၈ ရက် နေ့လယ်ပိုင်းက ဓားပြတိုက် လုယက်မှုဖြစ်ပြီး ကျပ်သိန်း ၂၀၀ လောက်နဲ့ ဖုန်း ၁ လုံးပါသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သုခရှင် ဆန်ရောင်းဝယ်ရေးလုပ်ငန်းဟာ ဘုရင့်နောင်ပွဲရုံ၊ ခတ္တာလမ်းက ဆန်ပို့တဲ့ ကားဂိတ်ဆိုင်နဲ့ ဇေယျာမွန်အိမ်ရာက ရုံးခန်းဆိုကာ ၂ ခုရှိတာဖြစ်ပြီး ဓားပြမှုဟာ အိမ်နဲ့တွဲဖွင့်ထားတဲ့ ရုံးခန်းမှာ ဖြစ်ပေါ်ခဲ့တာလို့ သုခရှင်ဆန်ဆိုင်ပိုင်ရှင်က အတည်ပြုပြောဆိုထားပါတယ်။
အဆိုပါရုံးခန်းကို နေ့လယ် ၁ နာရီကျော်မှာ မျက်နှာဖုံးထားတဲ့ အမျိုးသား ၆ ဦးက ဓားရှည်တွေ ကိုင်ဆောင်ဝင်ရောက်လာပြီး ဆန်ဆိုင်ဝန်ထမ်းတွေကို ဓားနဲ့ခြိမ်းခြောက်ကာ ဆိုင်မီးခံသေတ္တာထဲက ခန့်မှန်းကျပ်ငွေ သိန်း ၂၀၀ ခန့်ကို ယူဆောင်သွားတာ ဖြစ်ပါတယ်။
ဆန်ဆိုင်နဲ့ နီးစပ်သူတဦးက “ဘုရင့်နောင်ပွဲရုံရှေ့၊ မီးသတ်ရုံးနားက ဆိုင်မှာဖြစ်တာ၊ ဓားပြက အားလုံး ၆ ဦး ဓားတွေနဲ့၊ တိုက်ပြီး ဆိုင်ကယ်နဲ့ ပြေးသွားတာ၊ ဆိုင်က ဖုန်း ၁ လုံးနဲ့ သိန်း ၂၀၀ ပါသွားတယ်” လို့ ဆိုပါတယ်။
ဓားပြမှုဟာ နေ့လယ် လူရှင်းနေတဲ့အချိန်မှာ ဖြစ်ပေါ်ခဲ့တာလို့ သိရပြီး စစ်ကောင်စီတပ်နဲ့ ဘုရင့်နောင်ရဲစခန်းက ရဲတွေ လာရောက်စစ်ဆေးခဲ့ပေမဲ့ တရားခံတွေ ဖမ်းမိထားခြင်း မရှိသေးပါဘူး။
သြဂုတ် ၃ ရက်၊ နေ့လယ် ၁၂ နာရီလောက်ကလည်း ရန်ကင်းမြို့နယ်၊ ၁၃ ရပ်ကွက်၊ သစ္စာလမ်းပေါ်ကThe Skin Studio မှာ ဆိုင်ဝန်ထမ်းအမျိုသမီး ၄ ယောက်ကို လက်နက်နဲ့ ခြိမ်းခြောက်၊ ပါးစပ်ကို တိပ်ကပ်၊ လက်ပြန်ကြိုးတုပ်ပြီး ဖုန်းတွေယူသွားခဲ့ပါတယ်။
ဩဂုတ် ၄ ရက်ကလည်း ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်၊ သုမာလာ ၇ လမ်းက အွန်လိုင်းရှော့ပင်းလုပ်တဲ့ နေအိမ်ကို မွန်းလွဲ ၂ နာရီလောက်မှာ ဆိုင်ကယ် ၁ စီးနဲ့ အသက် ၂၅ နှစ်ကျော်အရွယ် အမျိုးသား ၃ ယောက်က ပစ္စည်းပို့သူအယောင်ဆောင်ပြီး ရွှေ ၇ ကျပ်သားနဲ့ ပိုက်ဆံ ၈၉ သိန်း ဓားပြတိုက်ခံခဲ့ရပါတယ်။