မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ငွေထွန်းဟာ သြဂုတ် ၂၈ ရက် ည ၄ နာရီလောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
သဗြုချောင်ရွာနေအိမ်ကနေ ဆိုင်ကယ်နဲ့ တဦးတည်း ထွက်လာချိန် အမည်မသိ သေနတ်သမား နှစ်ယောက်က ဆိုင်ကယ်နဲ့ နောက်က လိုက်လာပြီး ရင်းငြိမ်မြောက်ကျေးရွာ ရန်ကုန် - မော်လမြိုင် ကား လမ်းပေါ်မှာ အနီးကပ် ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် နိုင်ငွေထွန်းရဲ့ ဝမ်းဗိုက်နဲ့ ပေါင်မှာ ကျည်ဖောက်ဝင် ဒဏ်ရာ နှစ်ချက် ရရှိခဲ့တဲ့အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးထားတယ်လို့ သိရပါတယ်။
အဲဒီနေ့ နေ့လယ်ကလည်း ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ အမှတ် (၂) ရပ်ကွက်နေ ကိုစိုးထိုက်အောင် (၃၀ နှစ်) နေအိမ်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေကနေ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုစိုးထိုက်အောင်ဟာ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာကနေ လက်နက်ကိုင် လမ်းစဉ် ရွေးချယ်ခဲ့တဲ့ ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ဖြစ်တယ်လို့ သိရပါတယ်။
ကိုစိုးထိုက်အောင်ရဲ့ ဇနီးဖြစ်သူ ကျောင်းဆရာမကလည်း အာဏာဖီဆန် CDM လှုပ်ရှားမှု ပါဝင်ထားပါတယ်။
သြဂုတ် ၂၇ ရက် ညနေပိုင်းကလည်း ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရုံးအတွင်း တပ်စွဲ နေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။