ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ပုဂံလမ်းမပေါ်မှာရှိတဲ့ အမှတ် ၁၀ အခြေခံပညာအထက်တန်းကျောင်းခွဲမှာ သြဂုတ် ၂၇ ရက်က မူးယစ်ဆေးဝါးသုံးစွဲသူ ကိုးတန်းကျောင်းသား ၉ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်ပညာရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အမှတ် ၁၀ အခြေခံပညာအထက်တန်းကျောင်းခွဲအတွင်းရှိ နေရာတခုမှာ WY သုံးစွဲနေတဲ့ ကျောင်းသား ၉ ယောက်ကို ဆရာမတွေက ဖမ်းမိခဲ့ပြီး မိဘတွေနဲ့ညှိနှိုင်းကာ ကျောင်းထုတ်လိုက်တယ်လို့ မြို့နယ်ပညာရေးမှူးရုံးမှ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကျောင်းမှာ WY ရောင်းတဲ့သူတွေရှိလို့ ကျောင်းထဲမှာ သုံးတဲ့သူတွေရှိတာ။ ဆရာမတွေကတော့ ရောင်းတဲ့ ကျောင်းသားတွေကို စုံစမ်းနေတယ်။ အခုမိတာလည်း တယောက်နဲ့တယောက် ဖော်ကြရင်းနဲ့ မိတာ။"
အမှတ် ၁၀ အခြေခံပညာအထက်တန်းကျောင်းဘေး ဟံသာဝတီလမ်းရှိ စျေးဆိုင်တွေမှာ ဆေးလိပ်ရောင်းချတာကို ကျောင်းက တာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးက တားဆီးခြင်း မရှိတာကြောင့်လည်း ဆေးလိပ်မှတဆင့် မူးယစ်ဆေးဝါးတွေ လက်တည့်စမ်းလာတာလို့ ကျောင်းသားမိဘတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကျောင်းနားတဝိုက်မှာ ဆေးလိပ်ရောင်းတယ်။ အတန်းကြီးတွေက အဲ့ဆိုင်မှာ ထိုင်ပြီး ဆေးလိပ်ထိုင်သောက်ကြတယ်၊ ဆိုင်ရှင်ကလည်းမပြောဘူး။ ကျောင်းနဲ့ဆို သိပ်မကွာဘူး၊ ပြီးတော့ ကျောင်းနဲ့နီးတဲ့ ရယကရုံးနားမှာလည်း ဆေးခြောက်တို့၊ WY တို့ လိုသလောက် ရနေတာ။ အမှန်ဆို ကျောင်းနဲ့ အနီးတဝိုက်က ဆေးလိပ်တို့ ကွမ်းတို့ ရောင်းလို့မရဘူး။ ဒါကို ပြောမဲ့သူ၊ တားမဲ့သူ မရှိဘူး။"
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာလည်း မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်က အမှတ်၆ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။