မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ယာဥ်တန်း ပစ်ခတ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးပြီး စစ်တပ်က ပြန်ပစ်လို့ ပြည်သူ ၂ ဦး ကျည်ထိဒဏ်ရာရတယ်လို့ သိရပါတယ်။
ဩဂုတ် ၂၇ ရက် နေ့လယ် ၁၂ နာရီကျော်လောက်မှာ ကရင်ပြည်နယ်ဘက်ကနေ ပဲခူးတိုင်းဘက်ကို အင်အား ၅၀ ကျော် လိုက်ပါလာတဲ့ စစ်ကား ၆ စီးပါ ယာဥ်တန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
"RPG အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာ။ ကားတစ်စီးကတော့ တည့်မှန်သွားတယ်။ သူတို့တွေ ပစ်ခံရတော့ လမ်းတလျှောက် ပစ်သွားတယ်။”
တိုက်ခိုက်ခံရတဲ့ ယာဥ်တန်းက ခလရ ၂၀ ထဲကို ဝင်သွားပြီး ထိခိုက်ပျက်စီးယာဥ်ကို ထားပြီး ကျန်ကား ၅ စီးနဲ့ ပဲခူးဘက်ကို ဆက်ထွက်သွားပါတယ်။
ယာဥ်တန်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း သေဆုံးနိုင်ပြီး ဒဏ်ရာရသူ များပြားနိုင်တယ်လို့ ဆိုပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး၊
စစ်ကောင်စီအဖွဲ့ဟာ တိုက်ခိုက်ခံရပြီး မောင်းပြေးနေချိန် ပစ်လို့ အင်္ဂဘိုကျေးရွာက ကိုအောင်လေးဟာ ယာဘက်လက်ဖမိုးကျည်ရှပ်ထိဒဏ်ရာ၊ ကိုထွန်းနိုင်ဟာ လက်ပြင်ရှပ်ထိဒဏ်ရာရသွားပါတယ်။
ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ဒေါင်းတောင်ကုန်းတက်တွင် ဩဂုတ်လ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီက စစ်ကာင်စီကားတန်းထပ်မံတိုက်ခိုက်ခံရပါသေးတယ်။
ပစ်ခတ်မှုကြောင့် ရန်ကုန်မှ ထွက်ခွာလာသည့် အန်စာတုံး အမျိုးအစား ခရီးသည်တင်ယာဥ်အား ထိမှန်ခဲ့ရာယာဥ်ပေါ်လိုက်ပါလာတဲ့ ဧရာဝတီတိုင်းနေ ဦးချိုဝေ(၂၄)နှစ်၊ မကွေးတိုင်းနေ ဦးကျော်ကျော်(၂၅) နှစ်တို့နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်
ဒဏ်ရာရရှိသူတွေကို ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးနေပါတယ်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ မြို့မရဲစခန်းကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ၄၀ မမ နဲ့ ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီလောက်က လာရောက်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်
ပစ်ခတ်မှုကြောင့် ရဲစခန်းဘက် ထွေအုပ်ရုံးဝင်း ရေစင်အနီးနဲ့ ရုံးအနောက်ဘက်ကွင်းပြင်ကို ၄၀ မမ နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီးထိခိုက်ဒဏ်ရာရရှိမှု မရှိပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။