မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာကနေ မိုးမိတ်မြို့ကိုတက်တဲ့လမ်းဘေးရှိ ရဲတပ်စစ်ဆေးရေးဂိတ်တစ်ခုကို သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတယောက် သေဆုံးခဲ့တယ်လို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က သိရပါတယ်။
တွင်းငယ်ရွာလမ်းဘေးက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုမှာ ရဲသုံးယောက်ရှိနေချိန် ဝင်ရောက်ပစ်ခတ်ခဲ့တာမှာ ရဲတစ်ဦးနေရာတင် လဲကျသေဆုံးခဲ့တဲ့ အပြင်သူကိုင်ဆောင်တဲ့ G3 သေနတ်တစ်လက်ကို ကောက်ယူနိုင်ခဲ့တယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူကဆိုပါတယ်။
"ကျနော်တို့ပစ်တာ ၁၅ ပေလောက်ပဲကွာတယ်၊ သူတို့ကိုပစ်တဲ့ချိန် သုံးယောက်ရှိတာနှစ်ယောက်က လှည့်ပြေးသွားတယ်၊လှည့်ပြေးတဲ့ထဲကတယောက်ကဒဏ်ရာရသွားတယ်။ ဂိတ်မှာကျန်တဲ့ တစ်ယောက်က မျက်မြင်သေတာကိုမြင်ခဲ့ရတယ်၊ သူ့သေနတ်လည်းကောက်နိုင်ခဲ့တယ်။”
သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံလိုက်ရတဲ့ ရဲတွေ ပြန်ပစ်ခတ်နိုင်ခြင်းမရှိပဲ အချိန်ကြာမှ ပစ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။