Home
မြန်မာသတင်း
မောင်တောတွင် ကျွဲကောင်ရေ ၇၀ ကို စစ်တပ်က သိမ်းယူပြီး ပိုင်ရှင်ကို ဖမ်းဆီးအမှုဖွင့်  
DVB
·
August 28, 2023
Cows Buffalos

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ ဥဒေါင်းကျေးရွာမှာ စစ်ကောင်စီတပ်လက်အောက်ခံ မောရဝတီ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (၄) တပ်ရင်းက ကျွဲကောင်ရေ ၇၀ ကို သိမ်းယူပြီး ပိုင်ရှင်ဖြစ်သူကို သြဂုတ် ၂၈ ရက်မှာ  အမှုဖွင့်ထားတယ်လို့ မိသားစုကပြောပါတယ်။

ကျွဲတွေနဲ့အတူ ဖမ်းဆီးခံရသူဟာ ဥဒေါင်းကျေးရွာသား ဦးရွှေသိန်းမောင် အသက် ၆၂ နှစ်ဖြစ်ပြီး သူဟာ မနေ့က ရွာလမ်းထိပ်၊ မောင်တော-အငူမော်လမ်းအရှေ့ဘက် မီတာ ၄၀၀ အကွာမှာ  ကျွဲတွေကို အစာကျွေးနေစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီနောက် သူ့ကိုကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) နဲ့ အမှုဖွင့်ပြီး မောင်တောခရိုင်တရားရုံမှာ ချုပ်ရက် ရမန်ယူထားတယ်လို့ ကျွဲပိုင်ရှင်မိသားစုဝင်တွေထံက သိရပါတယ်။

ဦးရွှေသိန်းမောင်ရဲ့ သားဖြစ်သူက “မနေ့က ကျနော့်အဖေ ကျွဲကျောင်းနေတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာက ပုဂ္ဂိုလ်တွေ ကား ၆ စီးနဲ့ လာပြီး ဖမ်းဆီးသွားခဲ့တာ။ ဒီနေ့မှာ အမှုဖွင့်ပြီး တရားရုံးမှာချုပ်ရမန်ရယူထားထားတယ်” လို့ ပြောပါတယ်။

သိမ်းဆည်းခံရတဲ့ ကျွဲတွေဟာ တစ်ဦးတစ်ယောက်တည်းပိုင် မဟုတ်ဘဲ ဦးရွှေသိန်းမောင် ပိုင်တဲ့ ကျွဲ ကောင်ရေ ၄၀ ၊ ဖခင်ဖြစ်သူ ဦးကျော်ဇောအောင် ပိုင်ကျွဲကောင်ရေ ၇ ကောင်နဲ့  ညီဖြစ်သူ ဦးသိန်းအောင်ကြီး ပိုင်တဲ့ ကျွဲကောင်ရေ ၂၃ ကောင်တို့ဖြစ်ကြောင်း မိသားစုဝင်တွေက အတည်ပြု ပြောကြပါတယ်။

ဦးကျော်ဇောအောင်က “ဒီကျွဲတွေက တစ်ဦးတည်းပိုင်တာ မဟုတ်ဘူး။ မိသားစုတွေ စုပြီးပိုင်ဆိုင်ထားကြတာ။ အခုက တရားမဝင်ကုန်ကူးတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးသွားတာ။ ကျနော်တို့ကတော့ တရားရင်ဆိုင်ဖြေရှင်းသွားမယ်”လို့ ပြောပါတယ်။

မောင်တောမြို့နယ်တောင်ပိုင်း ကျေးရွာတွေနဲ့ ရသေ့တောင်မြို့နယ်မှ ကျေးရွာတွေမှာ စိုက်ပျိုးစရိတ် မြင့်တက်လာမှုကြောင့် စိုက်ပျုးရေးလုပ်သူ နည်းလာပြီး ဒေသလိုအပ်ချက်အရ ကျွဲ၊ နွားတွေ ပိုမိုမွေးမြူလာကြပါတယ်။

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့်လည်း မောင်တော ဒေသ ကျေးရွာတွေမှာ ကျွဲ၊ နွားကောင်ရေ ၂၀၀၀ ကျော် သေဆုံးသွားခဲ့ရပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024