ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံလင်မယား နှစ်ယောက်ကို ပတ်ခတ်ခဲ့တာကြောင့် ခင်ပွန်း သေဆုံးပြီး သူ့ရဲ့ဇနီးဖြစ်သူလည်း ဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) အဖွဲ့ က ဩဂုတ် ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဖယ်ခုံမြို့နယ် ကုန်းစုံရွာနေ အသက် ၃၁ နှစ်ရွယ် ရွာသားတယောက်နဲ့ အသက် ၂၈ နှစ် အရွယ် အမျိုးသမီးတို့ ဇနီးမောင်နှံဟာ ဩဂုတ် ၂၁ ရက်နေ့ မနက်ပိုင်းက ခေါင်းအိရွာနဲ့ စက်တော်ရာကြား တောင်ယာထဲမှာ ပြောင်းစိုက်ဖို့ မြေတွေ သွားရှင်းခဲ့ပါတယ်။
မနက် ၈ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်လောက်ဟာ စက်တော်ရာ တောင်ပေါ်ကနေ ဆင်းလာပြီး သူတို့ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ခင်ပွန်းဖြစ်သူမှာ သေနတ်ဒဏ်ရာ ၆ ချက်နဲ့ အဲဒီနေရာမှာ ပွဲချင်းပြီးသေဆုံးသွားပြီး အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သယ်သွားကြောင်း၊ ဇနီးကတော့ ပခုံးမှာ ဒဏ်ရာရခဲ့ပြီး သူ့ကိုလည်း သူတို့တပ်စွဲထားတဲ့ ဘုရားကုန်းကို ခေါ်သွားတယ်လို့ ဆိုပါတယ်။
အမျိုးသားအလောင်းကို ပြန်ပေးပြီး အမျိုးသမီးကို ပြန်လွှတ်ပေးဖို့ ဆွေမျိုးတွေက စခန်းမှာ သွားပြီး တောင်းပန်ရာမှာ ငွေ ကျပ် ၃၅ သိန်းနဲ့ လာရွေးဖို့ ပြောဆိုခဲ့တာကြောင့် ဩဂုတ် ၂၂ ရက်မှာ ငွေသွားပေးကာမှ အလောင်းနဲ့ အမျိုးသမီးကို ပြန်ပေးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ရွာသားရဲ့ အလောင်းကိုတော့ ဩဂုတ် ၂၄ ရက်မှာ ဆွေမျိုးတွေက ကုန်းစုံရွာသင်္ချိုင်းမှာ မြှုပ်နှံခဲ့ပါတယ်။ အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိပါဘူး။