Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ခုခံအားစနစ်
DVB
·
August 28, 2023
Article 2

စစ်မိစ္ဆာအာဏာရှင်ရဲ့ ဖိနှိပ်ခြောက်လှန့် ရက်စက်ကြမ်းကြုတ်မှု အမျိုးမျိုးအောက်မှာ ယနေ့အထိ နွေဦးတော်လှန်ရေးမှာ မကြောက်မရွံ့ ဒူးမထောက် လက်မမြှောက် ပါဝင်နေသူ တော်လှန်ပြည်သူတရပ်လုံးကို လေးစားစွာဖြင့် ရင်ဘတ်တံဆိပ် ခတ်နှိပ် မှတ်တမ်းတင်ပါကြောင်း ဦးစွာ ဖော်ပြအပ်ပါတယ်။

ပြီးခဲ့တဲ့ “နွေဦးပြည်သူတို့အတွက် လက်လှမ်းမီဆေးပညာ” ဆောင်းပါးမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ခုခံအားစနစ်ကို အကျဉ်းမျှ တင်ပြခဲ့ပါတယ်။ ယခု ဒီဆောင်းပါးမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ခုခံအားကို ဆက်လက်ပြီး ပြည့်စုံအောင် တင်ပြပေးချင်ပါတယ်။

ယခုလို အနိုင်ကျင့် ဗိုလ်ကျ မီးရှို့ လူသတ် တရစပ် ပရမ်းပတာကာလမှာ တော်လှန်ပြည်သူများရဲ့ သောကဝေဒနာများ၊ စိတ်ဒဏ်ရာများ၊ စိတ်ထိခိုက်မှုများကို စာနာ နားလည် ထပ်တူခံစားမိပါတယ်။

အကြမ်းဖက်ခံရမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ အစားအသောက် ဆေးဝါးခက်ခဲမှု၊ စွပ်စွဲခံရမှုများနှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထိုးနှက်ခံရမှုများ စတဲ့ အကြောင်းအရာ‌တွေကြောင့် ပူပင်သောကများ၊ စိုးရိမ်စိတ်များ၊ ကြောက်ရွံ့ထိတ်လန့်မှုများ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်မတည်ငြိမ်ခြင်းနှင့် စိတ်ကစင့်ကလျားဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ မိမိမှာ စိတ်ပိုင်းဆိုင်ရာ ခုခံအားကောင်းမွန်ခြင်းက အကောင်းဆုံးသော လက်နက်တခု ဖြစ်ပါတယ်။

ကိုယ်ခန္ဓာ ကျန်းမာရေး အရေးကြီးသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကိစ္စများသည်လည်း ကျန်းမာရေး ဆိုင်ရာ အရေးကြီးသောကိစ္စပင် ဖြစ်ပါတယ်။ လူရဲ့ ဖွဲ့စည်းပုံက (Physical & Mental) ဟူသော ရုပ်နှင့်နာမ် ၂ ခု ပေါင်းထားခြင်း ဖြစ်သည့်အတွက် ရုပ်မကျန်းမာခြင်းကြောင့် စိတ်မကျန်းမာ ဖြစ်တတ်ပြီး စိတ်မကျန်းမာခြင်းကြောင့်လည်း ရုပ်မကျန်းမာ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် “ကျန်းမာရေးဟူသည် Physical & Mental ကိုယ်ရောစိတ်ပါ နှစ်ခုလုံး ကျန်းမာခြင်း” ကို ဆိုလိုတာ ဖြစ်ပါတယ်။

လူသားတိုင်းမှာ ဘဝဖြစ်တည်မှုနဲ့အတူ လောကဓံ ပေးထားချက်များ ဒွန်တွဲ ပါလာပြီး ဖြစ်ပါတယ်။ လောကဓံပေးထားချက်များဟာ လူတိုင်း မဖြစ်မနေ ရင်ဆိုင်ရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ လောကဓံပေးထားချက်များနှင့် ရင်ဆိုင်တဲ့အခါ စိတ် (နှလုံးသား) ဖြင့်သာ ရင်ဆိုင် ဖြေရှင်းကြရတာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ခြင်း စိတ်ခွန်အားရှိခြင်းက လောကဓံကို ခုခံရင်ဆိုင်ရာမှာ လွယ်လွယ်ကူကူ အောင်မြင်မှုရစေဖို့ အခရာကျလှပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ခြင်း စိတ်ခွန်အားရှိခြင်းဆိုတာ စိတ်ပိုင်းဆိုင်ရာ ခုခံအားစနစ် ကောင်းမွန်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။  စိတ်ပိုင်းဆိုင်ရာ ခုခံအားစနစ် အားနည်းလျှင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချွတ်ယွင်းခြင်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် ရုပ်ပိုင်းဆိုင်ရာ ကိုယ်တွင်းခုခံအား အရေးကြီးသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စိတ်ပိုင်းဆိုင်ရာ ခုခံအားစနစ်သည်လည်း အဓိက အရေးကြီးတယ်ဆိုတာ  မှတ်သားရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် စိတ်ကြံ့ခိုင်သန်စွမ်းရေး စိတ်ပိုင်းဆိုင်ရာ ခုခံအားစနစ် ကောင်းမွန်‌ရေးအတွက် လူတိုင်း မိမိကိုယ်ကို တာဝန်ယူ လုပ်ဆောင်ကြရတော့မှာ ဖြစ်ပါတယ်။ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ်” ဆိုတဲ့ စကားအတိုင်း စိတ်ပိုင်းဆိုင်ရာ ခုခံအားစနစ်ကို မြှင့်တင်ပြီး စိတ်ပိုင်းဆိုင်ရာ ရောဂါများကို ကြိုတင်ကာကွယ်ကြရပါမယ်။

စိတ်ပိုင်းဆိုင်ရာ ခုခံအားမြှင့်တင်ဖို့ လိုက်နာရမယ့်အချက်များ

ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားရှိခြင်း / လေ့ကျင့်ခြင်း

ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားဆိုတာ တရားမျှတမှုကို ချစ်မြတ်နိုးခြင်း၊ မတရားသဖြင့် မရယူလိုခြင်း၊‌ လူအချင်းချင်း လေးစားစွာ ဆက်ဆံခြင်း၊ ရိုးသားခြင်း၊ မကောင်းမှုပြုလုပ်ရမှာ ရှက်/ကြောက်ခြင်း စတဲ့ ကိုယ်ကျင့်ဆိုင်ရာ အချက်များကို လေ့ကျင့်နေထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားဖြင့် နေထိုင်ခြင်းသည် မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုဟာ စိတ်ပိုင်းဆိုင်ရာ ခုခံအားစနစ်ကို မြင့်တက်စေပါတယ်။

မှန်ကန်တဲ့ အသိတရား ရှာဖွေခြင်း / ဖြည့်ဆည်းခြင်း

မှန်ကန်တဲ့ အသိတရားကို ရှာဖွေဆည်းပူးခြင်းဟာ ဉာဏ်ပညာကို ဖွံ့ဖြိုးတိုးတက်စေပြီး မှန်ကန်တဲ့ အတွေးအမြင်များကို ရှင်သန်စေပါတယ်။ လုပ်သင့်၊ မလုပ်သင့် ကိစ္စများကို သေသေချာချာ ခွဲခြားနိုင်ပြီး လုပ်သင့်တာကို မကြောက်မရွံ့ နောက်မဆုတ်ဘဲ လုပ်စေပြီး မလုပ်သင့်တာကို လုံးဝမလုပ်ဖို့ မှန်ကန်တဲ့ ဓမ္မအသိတရားက တိတိကျကျ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့အတွေးအမြင် ရှိခြင်းသည်လည်း မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေပါတယ်ပြီး စိတ်ပိုင်းဆိုင်ရာ ခုခံအားစနစ်ကို မြင့်တက်စေပါတယ်။

အများအကျိုးကို ရှေးရှုတဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း

မိမိကိုယ်ကျိုးထက် အများအကျိုး ရရှိရေးကို ရှေးရှုပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေတဲ့ အချက်တခု ဖြစ်ပါတယ်။

အရာရာမှာ ကိုယ်ချင်းစာတရား ထားရှိခြင်း

ကိုယ်ချင်းစာတရားဟာ ကံ ၃ ပါး ကျင့်စဉ်တိုင်းမှာ ထည့်သွင်း အသုံးပြုရတဲ့ ကိရိယာတခု ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရားမပါတဲ့ အတွေးအကြံ၊ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင် များဟာ အကျိုးထက် အပြစ်ဖြစ်တာက ပိုများတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ချင်းစာတရားဟာ  ကမ္ဘာ့အလှတရားလည်း ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရားထားခြင်းဟာ ဘာသာတရား ပေါင်းစုံရဲ့ ဆုံမှတ်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတိုင်းရဲ့ မြင့်မြတ်တဲ့ကျင့်စဉ် ဖြစ်ပါတယ်။ ခေတ်တိုင်း ခေတ်တိုင်းမှာ ကိုယ်ချင်းစာတရားရှိတဲ့ လူ့အဖွဲ့အစည်းများ အမြဲလိုအပ်လျက် ရှိပါတယ်။ ကိုယ်ချင်းစာတရားရှိသူဟာ ကမ္ဘာ့နေရာတိုင်းမှာ ဘယ်သောအခါမျှ လူပိုတယောက် မဖြစ်နိုင်။ ကိုယ်ချင်းစာတရားရှိခြင်းဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် စိတ်စွမ်းအားကို တိုးတက်စေပြီး စိတ်ပိုင်းဆိုင်ရာ ခုခံအားကို ကောင်းမွန်စေပါတယ်။

အများကောင်းကျိုး သယ်ပိုးထမ်းရွက်လိုခြင်း

အများကောင်းကျိုး သယ်ပိုးထမ်းရွက်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ရဲရင့်သော သတ္တိစွမ်းအင်များကို တိုးပွားစေပါတယ်။

မွန်မြတ်တဲ့ အနာဂတ် မျှော်လင့်ချက်များရှိခြင်း

အနာဂတ် မျှော်လင့်ချက်များသည် အမှန်တကယ် ကောင်းမွန်ရမည်။ ကောင်းမွန်တဲ့ မျှော်လင့်ချက်များကသာ လူ့လောကကို သာယာစေမည်။ ကောင်းမွန်တဲ့ မျှော်လင့်ချက်များက စိတ်ကို ကြည်နူးပျော်ရွင်စေပြီး မိမိကိုယ်ကို ကျေနပ်နှစ်သက်မှုကို ပေးစွမ်းနိုင်သည်။ မိမိကိုယ်ကို ကျေနပ်နှစ်သက်မှုများက စိတ်ပိုင်းဆိုင်ရာ ခုခံအားကို တိုးတက်စေပါတယ်။

သင့်တင့်တဲ့ အားကစားနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ပန်းချီ ဂီတနဲ့ အနုပညာ ပါဖောမင့်များ ပြုလုပ်ခြင်း၊ ယောဂလေ့ကျင့်ခြင်းနှင့် စိတ်လေ့ကျင့်ခန်းများ နည်းစနစ်တကျ လေ့ကျင့်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ခုခံစနစ်ကို တိုးတက်စေပါတယ်။

ဖော်ပြထားတဲ့ လူသားဆိုင်ရာ အခြေခံကျင့်ဝတ်တွေကို လေးစားလိုက်နာ ကျင့်သုံးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာခုခံအား အရည်အသွေးကို မြင့်တက်စေပြီး လောကဓံထိုးစစ်တွေကို ခုခံတိုက်ခိုက်နိုင်တဲ့ စွမ်းအားတွေကို ရရှိစေနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ခုခံအားကို လျော့ကျစေတဲ့ အချက်များ/ ရှောင်ကြဉ်ရန် အချက်များ

မရိုးသားခြင်း - မရိုးသားခြင်းဟာ လူ့အဖွဲ့အစည်းကို ညစ်နွမ်းစေပြီး မရိုးမသား ပြုမူ ပြောဆို လုပ်ကိုင်ခြင်းဟာ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံအားကို နိမ့်ကျစေပါတယ်။

အယောင်ဆောင်ခြင်း - မရှိသည်ကို အရှိလုပ်ခြင်း၊ မမှန်သည်ကို အမှန်လုပ်ခြင်း၊ မတရားသည်ကို တရားလုပ်ခြင်း၊ အဓမ္မကို ဓမ္မအယောင်ဆောင်ခြင်း စတာတွေဟာ ပြုမူသူ ကိုယ်တိုင်ကို အောက်တန်းကျစေပြီး စိတ်ပိုင်းဆိုင်ရာ ခုခံအားကို နိမ့်ကျစေပါတယ်။

မနာလိုခြင်း ဝန်တိုခြင်း - မနာလိုခြင်း ဝန်တိုခြင်းဟာ မိမိကိုယ်ကို ပူလောင်စေပြီး စိတ်ပိုင်းဆိုင်ရာ ခုခံအားကို နိမ့်ကျစေနိုင်ပါတယ်။

စတဲ့အချက်များဟာ မှန်ကန်တဲ့ ဉာဏ်ပညာ မှန်ကန်တဲ့ အသိတရားကို မရရှိနိုင်၊ မှန်မှန်ကန်ကန် မတွေးခေါ်နိုင်ခြင်းကြောင့် ရှောင်ကြဉ်ရမည့် အခြေခံအချက်များ ဖြစ်ပါတယ်။

လိုက်နာလုပ်ဆောင်ရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များကို သတိနှင့် လေ့ကျင့်လိုက်နာခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ခုခံအား ပိုမိုကောင်းမွန်စေပြီး စိတ်ပိုင်းဆိုင်ရာ ရောဂါများ အလွယ်တကူ ဝင်ရောက်ခြင်းကို တားဆီးဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာပါက ထိခိုက်သူကို ပြစ်ပယ်မထားဘဲ နွေး‌နွေးထွေးထွေး ဆက်ဆံခြင်း၊ နှီးနှောတိုင်ပင်ခြင်း၊ အပြန်အလှန် စောင့်ရှောက်ခြင်းဖြင့် လက်တွဲဖေးမ ကူညီပေးကြဖို့ အရေးကြီးပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးအလွှာအသီးသီးမှ ရဲဘော်ရဲဘက်များအားလုံး စိတ်ပိုင်းဆိုင်ရာ ခုခံအားများ တိုးတက်ကောင်းမွန်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကြံ့ကြံ့ခံ ခုခံတွန်းလှန်ကျော်လွှား ပါဝင်ရင်း တော်လှန်ရေးခရီးဆုံးမှာ အောင်ပန်းကို အတူတူ လှမ်းယူကြပါစို့လို့ အားပေးတိုက်တွန်း ရေးသားလိုက်ရပါတယ်။       ။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024