စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ရိက္ခာသယ် စစ်ကောင်စီ ရေယာဉ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျေးရွာအတွင်းကျရောက်ပေါက်ကွဲတာကြောင့် ဦးဇင်း ၁ ပါး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ ဘုန်းကြီးကျောင်း ပျက်စီးခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ နှောကူးတို့ကျေးရွာနဲ့ ခွန်သာရွာတို့မှာ ဩဂုတ် ၂၇ ရက်နေ့ မနက် ၈ နာရီ ၄၀ လောက် လက်နက်ကြီး ကျရောက်ခဲ့တာဖြစ်ပြီး သရက်ကိုင်းရွာက နေအိမ် ၁ လုံး၊ နှောကူးတို့ရွာက နေအိမ် ၁ လုံး၊ ခွန်သာရွာဘုန်ကြီးကျောင်းပျက်စီးခဲ့ပြီး ဦးဇင်း ၁ ပါး ဒဏ်ရာရရှိခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် ပကဖ တာဝန်ရှိသူက “ဦးဇင်းက တောရကျောင်းမှာ သီတင်းသုံးတဲ့ ဆရာတော်ပါ၊ လက်နက်ကြီးစ ထိမှန်ခဲ့ပါတယ်။ နေအိမ် ၂ လုံးနဲ့ ဘုန်းကြီးကျောင်းကတော့ ပျက်စီးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့မှာ ဝမ်ပေါင်ကုမ္ပဏီကို ရိက္ခာပို့တဲ့ စစ်ကောင်စီတပ်က ရေကြောင်းက ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ သေဆုံးတာလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် စစ်ကောင်စီရေယာဥ် ၃ စီးကို သြဂုတ် ၂၅ ရက် မနက် ၁၁ နာရီလောက် တော်လှန်ရေးအင်အားစုတွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း (MSPDF) က သြဂုတ် ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ ရေယာဥ် ၃ စီးဟာ မုံရွာ မင်းထောက်တံတားမှ သစ်တင်လာပြီး ပခုက္ကူ သွားမယ့်ရေယာဥ်တွေဖြစ်ပြီး မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ရေယာဥ်နဲ့လာတာမို့လို့ ပါလာတဲ့ အင်အားမှန်းလို့မရပါဘူး၊ သစ်တွေကိုမှောင်ခိုတင်လာ ဖြစ်ဖို့များတယ်။ သူတို့အသေအပျောက်ရှိတာကို စုံစမ်းနေဆဲမို့လို့ အတိကျမသိသေးပါဘူး။ အခုတော့ ပခုက္ကူရောက်သွားပြီး သစ်တွေချနေတယ်။”
တိုက်ပွဲအတွင်း RPG အပါအဝင် MSPDF က ထုတ်လုပ်တဲ့ လက်လုပ် Rocket တွေ၊ လက်နက်ငယ်တွေနဲ့ စောင့်ကြိုပစ်ခတ်တာဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကားလမ်းမတွေမှာ တော်လှန်ရေးအင်အားစုတွေရဲ့ မကြာခဏ တိုက်ခိုက်ခံနေရတာကြောင့် အခုနှစ်စကတည်းက ရေကြောင်းကို စတင်အသုံးပြုသွားလာနေတာလို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရေယာဥ်တွေကို စောင့်ကြိုပစ်ခတ်တာ ၅ ကြိမ်မြောက်ဖြစ်ပြီး အခုတိုက်ခိုက်မှုမှာ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်းတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။