မက်ဆီရဲ့အကြီးဆုံးသားဖြစ်သူ သီယာဂိုဟာ အင်တာမိုင်ယာမီ လူငယ် ယူ-၁၂အသင်းမှာ ပါဝင် ကစားတော့မှာဖြစ်ပါတယ်။
မက်ဆီဟာ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း ဆီပြောင်းရွှေ့ကစားပြီးနောက် သားဖြစ်သူသီယာဂိုဟာလည်း မိုင်ယာမီ ယူ၁၂ အသင်းမှာ ပါဝင် ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။
သီယာဂိုအနေနဲ့ မိုင်ယာမီအသင်းရဲ့သတ်မှတ်ချက်တွေနဲ့အညီ စစ်ဆေးပြီးမှ ကစားခွင့်ရခဲ့တာမဟုတ်ပေမဲ့ အသင်းဘက်က ခေါ်ယူလေ့ကျင့်စေခဲ့တာဖြစ်ပါတယ်။
လာမဲ့ နိုဝင်ဘာ ၂ ရက်မှာ အသက် ၁၁ နှစ်ပြည့်မဲ့ သီယာဂိုဟာ မက်ဆီရဲ့သားသုံးယောက်ထဲမှာ အကြီးဆုံးသားဖြစ်ပြီး ဘောလုံးအကယ်ဒမီကို ပထမဆုံးတက်ရောက်တဲ့သူလည်းဖြစ်ပါတယ်။
မက်ဆီမှာ မက်တီယိုနဲ့ စီယိုဆိုတဲ့ အလတ်နဲ့အငယ်ဆုံးသားနှစ်ယောက်လည်းရှိပါသေးတယ်။ မီဒီယာတွေကတော့ သီယာဂိုအနေနဲ့ ဖခင်ဖြစ်သူရဲ့ခြေရာကို နင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။
photo-Reuters