Home
မြန်မာသတင်း
မူဆယ်တွင် အမျိုးသမီး ၁ ဦး လုယက်ပစ်ခတ်ခံရပြီး ဒဏ်ရာစိုးရိမ်ရ
DVB
·
August 27, 2023
181525-US-dollars-730x365

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် - မြန်မာနယ်စပ်၊ မူဆယ်မြို့လယ်ခေါင် ညဈေး လမ်းကြားမှာ ဒီကနေ့ ဩဂုတ် ၂၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ငွေလဲ လုပ်ငန်းလုပ်တဲ့ အမျိုးသမီး ၁ ယောက် ငွေအိတ်လုခံရတဲ့အပြင် သေနတ်နဲ့ပါပစ်ခံရပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ယက် တာဝန်ရှိသူ တယောက်က အဲဒီ လုယက်တဲ့ အမည်မသိလူငယ် ၃ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ သေနတ် ၁ လက်ပါပြီး အမျိုးသမီးဆီက ငွေအိတ်ကိုလုယူပြီးနောက် သေနတ်နဲ့ ၂ ချက် ပစ်သွားတာလို့ ပြောပါတယ်။ 

ငွေလဲ လုပ်ငန်းလုပ်တဲ့ အမျိုးသမီးဟာ အသက် ၄၈ နှစ် အရွယ်ရှိပြီး နံကြားကို ထိမှန်ထားတယ်လို့ သိရပါတယ်။

ကူညီပေးခဲ့သူ ဒေသခံတယောက်က "နံကြားကို ပေါက်သွားတယ်ဆိုတော့ စိုးရိမ် ရတာပေါ့နော်" လို့ ပြောပါတယ်။ 

ထိခိုက်ဒဏ်ရာစိုးရိမ်ရတာကြောင့် မူဆယ်ဆေးရုံကနေ တရုတ်နိုင်ငံဘက် ရွှေလီဆေးရုံကို မူဆယ်က ပရဟိတအသင်းတွေက ကူညီပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ 

ပါသွားတဲ့ပိုက်ဆံအိတ်မှာ မြန်မာငွေ၊ တရုတ်ငွေပေါင်း တန်ဖိုး မြန်မာကျပ် သိန်း ၁၅၀၊ ၂၀၀ ဝန်းကျင်ဖြစ်ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် သေနတ်နဲ့ပါ ပစ်ခတ်သွားတာကို ပြည်သူတွေအနေနဲ့ လုံးဝ လက်မခံနိုင်ဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။ 

"အဓိက ကျနော်တို့ ပြည်သူတွေကတော့ ဘာပြောချင်လဲဆိုလို့ရှိရင် ငွေလုတာက လက်မခံချင်ဘူးပေါ့နော်။ ဒါ သူများရဲ့ ပင်ပင်ပန်းပန်း နဲ့ ရှာရတဲ့ ပိုက်ဆံတွေကိုလုတယ်။ လက်မခံနိုင်ဘူး။ အဲဒီထက်ဆိုးတာက သေနတ်နဲ့ပါ ပစ်သွားတယ် ဆိုတော့။ အမျိုးသမီး ၁ ယောက်ကို အမျိုးသား ၃ ယောက်က လု၊ သေနတ်မပါရင်လည်း သူတို့ ဒီတိုင်းယူသွားလို့ ရတာပဲပေါ့နော်။ သေနတ်နဲ့ပစ်သွားတာ ယုတ်မာရိုင်းစိုင်းတယ်" လို့ ပြောပါတယ်။

အဲဒီ အနီးနားမှာ ဒီနောက်ပိုင်း လုယက်တာတွေ မကြာခဏဖြစ်ပွားနေပြီး မူဆယ်မှာတော့ ပြည်သူ့စစ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ စစ်တပ်၊ ရဲတွေ၊ လက်နက်ကိုင် အဖွဲ့တွေ အများကြီးရှိပေမဲ့ ဒီလူတွေမဟုတ်ဘဲ အယောင်ဆောင်သမားတွေ၊ ခိုးဆိုးလုနှိုက်တဲ့ ဓားပြတွေက ဒီလိုလုပ်တာလည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ မူဆယ်မြို့ပေါ်မှာ ၂၀၂၁ နောက်ပိုင်း ခိုးဆိုးလုနှိုက် ဓားပြတိုက်၊ ပြန်ပြေးဆွဲ၊ လိမ်လည်တာ၊ လူသတ်တာ စတဲ့ ဒုစရိုက်မှုတွေ ပိုများလာပြီး ဘယ်အဖွဲ့အစည်းကမှ ပြည်သူတွေကို လုံခြုံရေးမပေးနိုင်သလို ပြစ်မှုကျူးလွန်သူတွေကိုလည်း ဖမ်းဆီးရမိ အရေးယူနိုင်တာမျိုး မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024