ဧရာဝတီတိုင်းထဲမှာ ပြည်သူတွေကို စစ်တပ်က ဖိအားပေးပြီး ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်နဲ့ ငပုတောမြို့နယ်တို့က ကျေးရွာတွေမှာ စစ်အုပ်စုက ပြည်သူတွေကို ဖိအားပေးတာ၊ ငွေကြေးထောက်ပံ့ စည်းရုံးတာ စတဲ့နည်းတွေနဲ့ အခု ဩဂုတ်လထဲမှာ ကျေးရွာပြည်သူ့စစ်အဖွဲ့တွေ လိုက်ဖွဲ့နေတာလို့ သိရပါတယ်။
ပုသိမ်ခရိုင်မှာနေထိုင်သူ အမျိုးသမီးတယောက်က “သူ့ စစ်အင်အားမလုံလောက်တော့လို့ စစ်သားစုဆောင်းရေးကို အမည်တမျိုးသုံးပြီး လုပ်နေတာ။ သူ့ရဲ့ ကလိမ်ကကျစ်နည်းတွေ။ စစ်တပ်ထဲ အသစ်ဝင်တဲ့သူလည်းမရှိ၊ ပိုက်ဆံနဲ့ပေးလည်း စစ်ထဲဆို မလိုက်ကြတော့ ပြည်သူ့စစ်ဆိုပြီး အရံအင်အားတွေလုပ်နေတာ" လို့ ဒီဗွီဘီကို ပြောပါတယ်။
ဧရာဝတီတိုင်းထဲက တချို့မြို့နယ်တွေမှာ စစ်သားတွေနဲ့အတူ ပျုစောထီးတွေ၊ ပြည်သူ့စစ်တွေကို မြို့လုံခြုံရေးကင်းလှည့်တာမျိုးတွေမှာ သုံးစွဲနေပြီး တချို့မြို့တွေမှာတော့ လှည့်ကင်းတွေနဲ့ ဧည့်စာရင်းစစ်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သားနတ်သျှင်နောင် က “လက်ရှိ အခြေအနေ သုံးသပ်ရရင် သူတို့စစ်ရေးအင်အား မလုံလောက်မှုအပေါ်မှာ ဖြည့်တင်းနိုင်ဖို့အတွက် သူတို့ဟာ ပြည်သူလူထုထဲက သူတို့ကို ထောက်ခံတဲ့ အင်အားတစုထုတ်သုံးတာပေါ့။ သူတို့ ယန္တရားလည်ပတ်နေတဲ့ ဝန်ထမ်းတွေကို အရန်အင်အားအဖြစ်သုံးဖို့ သတင်းတွေ ကြားရပါတယ်။ ဒီအခြေအနေဟာ စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးဖို့ အခြေအနေ ဖန်တီးလာလို့ သူတို့ ရှိသမျှ အင်အားတွေ ခြစ်ကုတ်ထုတ်သုံးနေတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ မြို့နယ်တွေက စစ်တပ်တွေမှာ စစ်ပညာ သင်ကြား ပေးနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။