မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာကို စစ်ကောင်စီတပ်စစ်သားတွေနဲ့ ပျူစောထီးတွေက သြဂုတ် ၂၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ခဲ့တာကြောင့် အသက် ၉၇ နှစ်အရွယ် အဖွားအိုတယောက် မီးထဲပါသေဆုံးပြီး အိမ် ၈၀ လောက် မီးလောင် ဆုံးရှုူံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်စစ်သားနဲ့ ဆင်ချောင်းရွာကပျူစောထီး အင်အား ၈၀ ဝန်းကျင်ဟာ မနက် ၆ နာရီဝန်းကျင်မှာ ကိုင်းမကြီးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် မီးရှို့ခဲ့ကြတာပါ။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာပါ။ ရွာကို တမင်သီးသန့် မီးလာရှို့တာ။ အသက်ကြီးတဲ့အဖွားအိုတယောက် မပြေးနိုင်လို့ အိမ်ထဲကျန်ခဲ့တာ။ နေအိမ်မီးရှို့တော့ မီးထဲပါ သေဆုံးသွားတာ" လို့ ပြောပါတယ်။
စစ်ကောင်စီ စစ်သားတွေ မီးရှို့တာကြောင့် ကိုင်းမကြီးကျေးရွာက နေအိမ် ၈ဝ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်
ကိုင်းမကြီးကျေးရွာထဲကို ဝင်လာတဲ့စစ်သားတွေဟာ ထွက်ပြေးနေတဲ့ ပြည်သူတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ကျေးရွာနေအိမ်တွေထဲက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။