ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမ၊ ရုံးသစ်ကားမှတ်တိုင်နားက မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးဝန်းထဲမှာ ဩဂုတ် ၂၆ ရက် မနေ့ညပိုင်းက ဗုံးပေါက်ကွဲ ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ည ၇ နာရီလောက်က ပေါက်ကွဲခဲ့တာဖြစ်ပြီး ပါတီခြံဝန်းထဲက စစ်ကောင်စီ ရဲကင်းရုံနေရာမှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် မြောက်ဥက္ကလာပမြို့နယ်နဲ့ ထိစပ်နယ်မြေတွေဖြစ်တဲ့ မြောက်ဒဂုံ၊ မင်္ဂလာဒုံနဲ့ မရမ်းကုန်းမြို့နယ်တို့ကပါ ပေါက်ကွဲသံကို ကြားခဲ့ရတယ်လို့ သိရပါတယ်။
မြောက်ဥက္ကလာပမြို့ခံတယောက်က “၇ နာရီထိုးခါနီးလောက် အသံကြားရတာ။ အိမ်တွေပါ တုန်တယ်။ ဝေပုလ္လထိပ်က ကြံ့ခိုင်ရေးရုံးထဲက ကင်းတဲနားပေါက်တာလို့ ကြားတယ်။ ကင်းတဲနဲ့ ခြံစည်းရိုးနဲ့က ကပ်နေတာ။ အရင်က အဲဒီရုံးထဲ ဗုံးပစ်လို့ မရအောင် ပတ်ပတ်လည် အစိမ်းစတွေနဲ့ကာထားတာ တွေ့ဖူးတယ်။ ဃ ရပ်ကွက်ရုံးကတော့ ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ဖို့ လိုက်ပြောတာတွေ ရှိတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်အပြီးမှာ မြောက်ဥက္ကလာ အမှတ် ၉ စခန်းက ရဲတွေနဲ့ ကြံ့ခိုင်ရေးရုံးနားမှာရှိတဲ့ စစ်ကောင်စီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က စစ်ကားတွေ လာရောက်စစ်ဆေးခဲ့တယ်လို့သိရပြီး ခေမာသီလမ်းနဲ့ မေဓာဝီလမ်းတွေမှာ ပိတ်ဆို့စစ်ဆေးခဲ့ပါတယ်။
အဲဒီဖောက်ခွဲမှုကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ခွဲ ၂ က အဝေးထိန်းမိုင်းအသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပါတီရုံးစောင့် စစ်ကောင်စီရဲယောက် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၃ ရက် ညပိုင်းက ကျောက်ရေတွင်းတံတားနားက စိန်ပန်းမြိုင်ရဲရိပ်သာ၊ ယာဉ်ထိန်းရုံးမှာ ဗုံး ၄ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ဩဂုတ် ၁ ရက်၊ ညပိုင်းမှာလည်း ရွှေပေါက္ကံထွေအုပ်ရုံးနဲ့ မြောက်ဥက္ကလာမြို့နယ်ခန်းမမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။