အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒြာမိုဒီက သူ့ နိုင်ငံရဲ့ လမျက်နှာပြင်ပေါ် အာကာသယာဉ်ဆင်းသက်ရေး လုပ်ငန်းစဉ်အောင်မြင်ပြီးတဲ့နောက် ဩဂုတ် ၂၆ ရက်မှာ အိန္ဒိယအာကာသ သုတေသနအဖွဲ့ (ISRO) ဆီသွားရောက်ခဲ့ပြီး ချန်ဒရာယန်သရီး အာကာသယာဉ် လပေါ် ဆင်းသက်တဲ့နေရာကို “ရှိဗ်ရှက်တီ”လို့ နာမည်ခေါ်တွင်ဖို့ ပြောကြားလိုက်ပါတယ်။
ဟိန္ဒူနတ်ဘုရား သျှီဝရဲ့တန်ခိုးကိုရည်ညွှန်းမှည့်ခေါ်လိုက်တာဖြစ်ပြီး လရဲ့တောင်ဝင်ရိုးစွန်းပေါ် အိန္ဒိယအာကာသယာဉ် ဆင်းသက်ခဲ့တဲ့ သြဂုတ် ၂၃ ရက်ကို အိန္ဒိယနိုင်ငံရဲ့ အမျိုးသား အာကာသနေ့အဖြစ် ဂုဏ်ပြုမယ်လို့လည်း မိုဒီကဘန်ဂါလူရူပြည်နယ်မှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယဟာ ၂၀၁၉ ခုနှစ်တုန်းက မအောင်မြင်ခဲ့တဲ့ ကြိုးပမ်းမှုအပြီး အိန္ဒိယ အာကာသယာဉ်က လပေါ် ငြင်ငြင်သာသာဆင်းသက်နိုင်ခဲ့တဲ့အတွက် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအိန္ဒိယမှာ ကျယ်ကျယ်ပြန့်ပြန့် ရွှင်မြူးခဲ့ကြပြီးဂုဏ်ယူဝံ့ကြွားခဲ့ကြပါတယ်။
မီဒီယာတွေကလည်း အိန္ဒိယရဲ့ အကြီးမားဆုံး သိပ္ပံပညာဆိုင်ရာ စွမ်းဆောင်မှုအဖြစ် သမိုင်းဝင် ဆင်းသက်ခြင်းကို ချီးကျူးခဲ့ကြပါတယ်။
ချန်ဒရာယန်သရီး အာကာသယာဉ်က လရဲ့ တောင်ဝင်ရိုးစွန်းမျက်နှာပြင်ကို စူးစမ်းလေ့လာနေတဲ့ ဗီဒီယိုအသစ်ကိုလည်း အိန္ဒိယအာကာသအေဂျင်စီက သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ခုလို အောင်မြင် နေချိန်မှာ နေကို လေ့လာဖို့ ခရီးစဉ်တရပ်ကို စက်တင်ဘာလမှာ ဆောင်ရွက်မယ်လို့ အိန္ဒိယ အာကာသအေဂျင်စီက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters