ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ ရွှေဆံတော်စေတီဝန်းထဲက ဆောက်လုပ်ဆဲ ၄ ထပ်ဆောင်ဓမ္မာရုံ အပေါ်ဆုံးထပ်ကနေ အမျိုးသား တယောက် ဒီနေ့ ပြုတ်ကျသေဆုံးခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်တွေဆီက သိရပါတယ်
မနက် ၉ နာရီခွဲလောက်က ရွှေဆံတော်စေတီ အရှေ့ဘက်မုခ်ဦးနားမှာ ဆောက်လုပ်ဆဲ လေးထပ်ဆောင် အပေါ်ဆုံးထပ်ကနေ ပြုတ်ကျခဲ့တာပါ။
ပရဟိတအဖွဲ့ဝင်တယောက် "မျက်မြင်သက်သေတော့ မရှိဘူး။ လူတယောက် ပြုတ်ကျ သေဆုံးနေတယ် ဆိုပြီး ဖုန်းဆက်လို့ သွားရောက်ကူညီခဲ့တာပါ။ ဒီအဆောက်အဦက အလုပ်သမားလည်းမဟုတ်ဘူး။ ဘယ်အချိန်က တက်ပြီး ခုန်ချသွားတာလဲ မြင်တဲ့သူမရှိလိုက်ဘူး။ သဲကုန်းကလို့တော့ ပြောသံကြားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၀ အရွယ်လောက်ဖြစ်ပြီး ခြေထောက်နဲ့ လက်နှစ်ဖက်လုံး ကျိုးကြေနေသလို တင်ပင်ဆုံမှာလည်း သစ်ပင်နဲ့ထိုးမိတဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးရုပ်အလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ပရဟိတပါရမီက ပြည်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီကို ပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်တွေနဲ့ ဆက်သွယ်နိုင်ဖို့ စုံစမ်းပေးနေတယ်လို့လည်း သိရပါတယ်။