ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီကနေ့ ဩဂုတ် ၂၆ ရက်နေ့ မနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီလို ပစ်ခတ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပြီး ပစ်ခတ်နေတယ်လို့ သိရပါတယ်။
မြစ်ကြီးနားဒေသခံ အမျိုးသမီးတယောက်က "ခုဏ ထမင်းစားနေတဲ့အချိန် အသံကြားတယ်။ အမြောက်တပ်က ထင်တယ်။ သူတို့ တပ်ကလေ။ ပမ္မတီးလေ။ အဲဘက်လေ။ အဲဒီ မြစ်ကြီးနား အထွက်နားက ထင်တယ်။ ဒူကထောင်ဘက် မြေကြီးတောင်တုန်တယ်" လို့ ပြောပါတယ်။
လက်နက်ကြီး ၅ ချက်လောက် ပစ်ခတ်သံကြားရကြောင်းနဲ့ ပစ်ခတ်မှု အခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ် ဘာမှ မကြားရသေးဘူးလို့ သူက ပြောပါတယ်။
ဝိုင်းမော်ဒေသခံတယော်ကကလည်း "အိမ်တောင်တုန်တယ်။ ဝိုင်းမော်ဘက်က ရပ်ကွက် ၅ က မြစ်ကြီးနားနဲ့ မြစ်ပဲ ခြားတာလေ" လို့ ပြောပါတယ်။
လက်နက်ကြီး ပစ်ခတ်သံတွေကြောင့် ဒေသခံတွေက ထိတ်လန့်စိုးရိမ်နေကြပြီး တိုက်ပွဲဖြစ်ပွားလာမှာကို ကြောက်နေတာလို့လည်း သူက ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီဘက်က ကချင်ပြည်နယ်ဘက်ကို အင်အားအများအပြား ဖြည့်တင်းလာနေပြီး ဩဂုတ် ၂၂ ရက်နေ့ကလည်း မြစ်ကြီးနား - ဖားကန့်လမ်း၊ နမ့်ယားနဲ့ မအူပင်ကြား စစ်ကောင်စီနဲ့ ကေအိုင်အေတို့အကြား ရုတ်တရက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ခရီးသွားကားနဲ့ ပြည်သူ အများအပြား လမ်းမှာ ပိတ်မိသောင်တင်ခဲ့သလို ခရီးသွားတချို့နဲ့ စစ်ရှောင် ပြည်သူတချို့ကို ဩဂုတ် ၂၄ ရက်ညမှာ စစ်ကောင်စီဘက်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသေးတယ်။