စစ်ကောင်စီတပ်က ရေဦးမြို့နယ်၊ ချမ်းသာရွာက သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းကို မီးရှို့ခဲ့တာကြောင့် လက်ရှိအချိန်မှာ ခရစ်ယာန်ဘာသာဝင်တွေ ဘုရားဝတ်ပြုဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာမှာရှိတဲ့ သက်တမ်းနှစ်ပေါင်း ၁၂၈ နှစ်ရှိပြီဖြစ်တဲ့ ဘုရားကျောင်းကို စစ်ကောင်စီတပ်တွေက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဘုရားကျောင်းကြီးနဲ့ ချမ်းသာရွာနေအိမ်တွေကို ရွာလုံးကျွတ်မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မော်လိုက်အခြေစိုက် ခမရ ၃၆၄တပ်နဲ့ မှော်ဘီ၊ ထူးကြီးအခြေစိုက် ခလရ ၇၀၁ ပူးပေါင်းတပ်တို့ ဖြစ်တယ်လို့လည်းဒေသခံတွေက ပြောပါတယ်။
ချမ်းသာကျေးရွာဒေသခံ ခရစ်ယာန်ဘာသာဝင်တယောက်က “ဘုရားကျောင်းကို မီးရှို့ခံရတာတော့ ၇ လ ကျော်သွားပြီးပေါ့ဗျ။ အခုလို စစ်ကောင်စီက ဘုရားကျောင်းကို မီးရှို့သွားတော့ ကျနော်တို့ဘာသာဝင်တွေ ဘုရားဝတ်ပြုဖို့ အတော်လေး ခက်ခဲနေရတယ်။ လက်ရှိမှာတော့ ဘုရားကျောင်းကို မီးရှို့ခဲ့တုန်းက မလောင်ခဲ့တဲ့ မယ်တော့်ဂူလိုင်အဆောက်အဦထဲမှာ စုပြီး ဖြစ်သလို ဘုရားဝတ်ပြုနေရတယ်။ ဘာသာဝင်လူဦးရေကတော့ ၁၅၀၀ လောက် ရှိမယ်ဗျ။ ဒီလူဦးရေက လက်ရှိ ချမ်းသာရွာအတွင်းကနေ မရှောင်တဲ့ ဘာသာဝင်တွေရဲ့ အရေအတွက်ပါ။ တချို့ ခရစ်ယာန်ဘာသာဝင်တွေကတော့ ချမ်သာရွာမှာမနေဘဲ နီးစပ်ရာကျေးရွာတွေကို သွားရောက်နေထိုင်သူတွေနဲ့ဆိုရင်တော့ အတော်များတယ်” လို့ ပြောပါတယ်။
ချမ်းသာကျေးရွာမှာရှိတဲ့ ဒေသခံအများစုဟာ ပေါ်တူဂီမျိုးနွယ်တွေဖြစ်သလို ခရစ်ယာန်ဘာသာကို ကိုးကွယ်သူလည်း အများစုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။