ဒိန်းမတ်နိုင်ငံရဲ့ အများပြည်သူနေရာတွေမှာ ကုရ်အာန်ဘာသာရေးကျမ်းစာအုပ်တွေကို မီးရှို့ခြင်းအား တရားမ၀င်လုပ်ရပ်အဖြစ် သတ်မှတ်မယ့် ဥပဒေတွေကို အဆိုတင်သွင်းခဲ့ကြောင်း ဒိန်းမတ်အစိုးရက သြဂုတ် ၂၅ ရက်မှာ ပြောကြားလိုက်ပြီး နော်ဒစ်နိုင်ငံအနေနဲ့ မွတ်ဆလင်နိုင်ငံတွေနဲ့ တင်းမာမှုတွေကို အရှိန်လျှော့ချနိုင်ဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံနဲ့ ဒိန်းမတ်အကျိုးစီးပွားတွေကို ထိခိုက်စေပြီး ကမ္ဘာနဲ့ နိုင်ငံတွင်းရှိ ဒိန်းမတ်ပြည်သူ တွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေတာကြောင့်လို့ ဒိန်းမတ်တရားရေးဝန်ကြီး ပီတာ ဟမ်မယ်လ်ဂါ့ဒ် က ပြောပါတယ်။
မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ဒိန်းမတ်နဲ့ဆွီဒင်နိုင်ငံတို့မှာ လူအများရှေ့ ကုရ်အာန် ကျမ်းစာတွေကို မီးရှို့ပြခြင်း၊ ဖျက်ဆီးပြခြင်းတွေကို အများအပြား လုပ်ဆောင်ခဲ့ကြတာကြောင့် မွတ်ဆလင်နိုင်ငံတွေက ဒေါသထွက်ခဲ့ကြပြီး နော်ဒစ်အစိုးရတွေကို ဘာသာရေးကျမ်းစာတွေကို မီးရှို့ပြခြင်းတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကုရ်အာန်ကျမ်းစာ မီးရှို့ခြင်းကို ပိတ်ပင်ခြင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြောဆိုကြတဲ့ ဒိန်းမတ် အတိုက်အခံပါတီတချို့ရဲ့ ဆန္ဒပြမှုများကို အစိုးရက ပယ်ချခဲ့ပါတယ်။
ပါလီမန်က ဒီဥပဒေကြမ်းကို ဘယ်တော့ မဲခွဲဆုံးဖြတ်မယ် ဆိုတာကိုတော့ တရားရေးဝန်ကြီး က မပြောခဲ့ပါဘူး။
အိမ်နီးချင်း ဆွီဒင်ကလည်း မကြာသေးခင်က ခြိမ်းခြောက်မှုတွေ ကြုံလာခဲ့ရပြီးနောက်မှာ တင်းမာမှု တွေ လျော့ပါးစေဖို့ ကုရ်အာန်ကျမ်းစာတွေကို ရှုတ်ချ ဖျက်ဆီးပြခြင်းတွေကို တရားဝင်ကန့်သတ်မယ့် နည်းလမ်းတွေကို စစ်ဆေးနေပြီး နိုင်ငံရဲ့ လုံခြုံရေးအရာရှိတွေ ဦးဆောင်ပြီးတော့ အကြမ်းဖက် ခြိမ်းခြောက်မှုအဆင့်ကို မြှင့်တင်ကာကွယ်ဖို့ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
Source/Photo-Reuters