ပရီဂိုရှင်သေဆုံးရမှုအပေါ် ဝဂ်နာတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်တုံ့ပြန်ကြဖို့ ယူကရိန်းဘက်ကနေ တိုက်ခိုက်ပေးနေတဲ့ ရုရှားလက်နက်ကိုင်အဖွဲ့တဖွဲ့က သြဂုတ်လ ၂၄ ရက်မှာ ဗီဒီယိုမှတ်တမ်းတစ်ခု ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ဝဂ်နာကြေးစားတပ်ဖွဲ့ တည်ထောင်သူ ယဲ့ဗ်ဂနီပရီဂိုရှင်နဲ့ တပ်မှူးဖြစ်တဲ့ ဒမီထရီဥကင်တို့ လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရတာနဲ့ ပက်သက်ပြီး ယူကရိန်းဘက်ပြောင်းကာ သူတို့နဲ့အတူ လက်စားချေကြပါလို့ ရုရှားစေတနာ့ဝန်ထမ်းတပ်ဖွဲ့ (RVC)က တိုက်တွန်းခဲ့တာပါ။
RVCတပ်မှူးဖြစ်တဲ့ ဒန်းနစ်ကာပတ်စတင်ကတော့ "မင်းတို့ တပ်မှူးတွေကို သုတ်သင်ခဲ့သူတွေရဲ့ အစောင့်ခွေးအဖြစ် တာဝန်ထမ်းဆောင်ပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာနဘက်ခြမ်းမှာ ရပ်တည်မလား၊ ဒါမှမဟုတ် လက်စားချေမလား၊ အရေးပါတဲ့ ရွေးချယ်မှုတစ်ခုကိုလက်ရှိအချိန်မှာ ရင်ဆိုင်နေရတာဖြစ်တယ်"လို့ ဗီဒီယိုထဲမှာ ပြောကြားသွားပါတယ်။
ရုရှားနိုင်ငံသား လက်ယာစွန်းဝါဒီတစ်ဦးဖြစ်တဲ့ ကာပတ်စတင်ဟာ ဒီလက်နက်ကိုင်အဖွဲ့ကို လွန်ခဲ့တဲ့တစ်နှစ်ကမှ တည်ထောင်ခဲ့တာပါ။
ဒါ့အပြင် RVC တပ်ဖွဲ့ဟာ ရုရှားနယ်စပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးတိုက်ခိုက်မှု အများအပြားရဲ့ နောက်ကွယ်ကနေ ပါဝင်ခဲ့သလို ယူကရိန်းဘက်ကနေလည်း တိုက်ခိုက် ပေးနေတာ ဖြစ်ပါတယ်။
ဒီ ဗီဒီယိုမှတ်တမ်းရဲ့ တည်နေရာနဲ့ ရိုက်ကူးခဲ့တဲ့ ရက်စွဲတို့ကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters