တူရကီနယ်စပ်အနီး ဂရိနိုင်ငံထဲက ပြာပုံတွေထဲမှာ မီးကျွမ်းထားတဲ့ အလောင်း ၁၈ လောင်း တွေ့ခဲ့ရပြီး အဲဒီ သေဆုံးသူတွေထဲက နှစ်ယောက်ဟာ ကလေးတွေ ဖြစ်ကြတယ်လို့ ဂရိမီးသတ်သမားတွေက ပြောပါတယ်။
တချိန်က ရွှေ့ပြောင်းနေထိုင်သူတွေ ဥရောပသမဂ္ဂကို ကူးသန်းဖြတ်ကျော်သွားရာ လမ်းကြောင်းဖြစ်ခဲ့တဲ့ စိမ်းလန်းစိုပြေလှတဲ့ တောအုပ်ကြီးဟာ တောမီးလောင်ကျွမ်းမှုကြောင့် ပြာကွင်းပြင် ဖြစ်သွားတာပါ။
နိုင်ငံတဝန်း အပူချိန်မြင့်မားမှုကြောင့် လေပြင်းတွေ တိုက်ခတ်နေတဲ့ ရာနဲ့ချီတဲ့ ဒေသတွေထဲက တခုဖြစ်တဲ့ ဂရိနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အဗန်တတ်စ်ရွာအနီးကနေ ရွှေ့ပြောင်းနေထိုင်သူတွေ ဖြစ်ပုံရတဲ့ အုပ်စုတစု ဖြတ်သန်းသွားလာချိန်မှာ ပြင်းထန်တဲ့တောမီးက အရှိန်အဟုန်နဲ့ လောင်ကျွမ်းသွားရာမှာ ပြာကျသွားတာ လို့ ဆိုပါတယ်။
အလောင်း ၇ လောင်းမှ ၈ လောင်း ရှိတဲ့ အုပ်စုတခုဟာ နောက်ဆုံးပွေ့ဖက်မှု ဖြစ်ပုံရတဲ့ အတူစုပြုံ လောင်ကျွမ်းခံထားရတာကိုတွေ့ရှိရပြီး တခြားသူတွေကတော့ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားတဲ့ အမိုးအကာ အပျက်အစီးတွေအောက်မှာ နစ်မြုပ်နေတာပါ။
မီးလောင်ခံထားရတဲ့ အလောင်းတွေကို စစ်ဆေးဖို့ အင်္ဂါနေ့မွန်းတည့်ချိန်က အခင်းဖြစ်ပွားရာနေရာကို ခေါ်ယူထားတဲ့ သရေးစ်တက္ကသိုလ်ရှိ မှုခင်းဆေးပညာဆိုင်ရာ ပါမောက္ခ ပဲ့ဗ်လော့စ် ပဲ့ဗ်လီဒစ်စ်ကတော့ သူတို့ကို ရှာဖွေဖော်ထုတ်ရမယ့် တခုတည်းသော နည်းလမ်းကတော့ အလောင်းတွေကနေ DNA နမူနာတွေကို စုဆောင်းဖို့ပဲ ရှိတယ်လို့ ပြောပါတယ်။
အက်ဗရော့စ်ဒေသမှာ နှစ်ပေါင်းများစွာ ဒီလိုကြီးကျယ်တဲ့ ဘေးအန္တရာယ်မျိုး မကြုံခဲ့ရဖူးကြောင်းနဲ့ သဘာဝဘေးဒဏ်ကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုမရှိခဲ့ဖူးကြောင်းလည်း ပါမောက္ခက ပြောပါတယ်။
Source/Photo-Reuters