ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အဝင် မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးရှေ့မှာ သြဂုတ် ၂၅ ရက် မနက် ၇ နာရီက ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ရာ ထိခိုက်ဒဏ်ရာရသူ အမျိုးသားကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၇ နာရီနဲ့ ၇ နာရီ ၁၅ မိနစ်မှာ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးရှေ့နဲ့ မြို့အဝင် အင်းရဲလမ်းဆုံမှာ ဗုံးနှစ်ကြိမ်ပေါက်ခဲ့ရာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသားကို အမှတ် ၃၆ ခြေလျင်တပ်ရင်းက ကျုံပျော်မြို့နယ်ဆေးရုံမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကျုံပျော်တို့ ဓနုဖြူတို့မှာနေတဲ့ ဒေသခံတွေဘဝက အရမ်းသနားဖို့ကောင်းတာ။ ဘယ်သူထောင်မှန်းမသိတဲ့ ဗုံးတောင် ထိတဲ့ဒေသခံကို ဖမ်းတယ်ဆိုတော့ ပစ်ခတ်မှုတွေ ဖြစ်ရင် ဘယ်လောက်ဖမ်းမလဲလို့ စဥ်းစားကြည့်။”
ဗုံးထိမှန်သူမှာ ကျုံပျော်မြို့ခံတဦးဖြစ်ပေမဲ့ အမှတ် ၃၆ ခြေလျင်တပ်ရင်းက PDF လို့ သတ်မှတ်တာကြောင့် အုပ်ချုပ်ရေးကလည်း ရှင်းပြပြောဆိုခွင့် မရှိဘူးလို့ ထွေအုပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနက်က နတခက ဖုန်းဝင်တော့ ခလရ ၃၆ က စစ်သားတွေက အဘရေ ဗုံးထောင်တဲ့ PDF ကမိပြီ၊ နှစ်ယောက် ထွက်ပြေးသွားတယ်၊ တယောက်မိပြီ ဆိုပြီး သတင်းပို့လိုက်တယ်။ ထွေအုပ်ရဲ့စာမှာက ဖြစ်စဥ်ကို စုံစမ်းဆဲလို့ရေးတုန်း သူတို့က မိပြီဆိုတော့ ဒဏ်ရာရတဲ့သူက PDF ဖြစ်သွားတယ်။”
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဓနုဖြူနဲ့ ကျုံပျော်မြို့နယ် ထိစပ်တဲ့ တံတားအနီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆံပင်ညှပ်ဆိုင် ဗုံးနဲ့အပစ်ခံရပြီး ဒေသခံ ၁၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ကျုံပျော်မြို့နယ်မှာ မေလ ၇ ရက်က အောင်ဆန်းရပ်ကွက် မြို့နယ်အားကစားကွင်းနဲ့ ကပ်လျက်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။